19/09/2021
အလှတရားများစွာကို သိမ်းဆည်းထားသော မိုးကုတ်မြို့သို့
( ၉၉၉ ) ကွေ့အလို
--------------------------------------------------------------------
မန္တလေးမြို့၏ မြောက်အရပ် ( 128 ) မိုင်အကွာပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ (၃၈၀၀)တွင် တည်ရှိသော မိုးကုတ်မြို့ သည် စိတ်ဝင်စားဖွယ်ရာများစွာနှင့် ပြည့်နှက်နေသော တောင်ပေါ်မြို့ တစ်မြို့ ဖြစ်သည်။ ကဗျာဆန်သည်။ ရာသီဥတု အေးမြကာ သန့်ရှင်း သော မိုးကုတ်ကို လူသိများရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ကမ္ဘာ့အကောင်းဆုံး ပတ္တမြား ထွက်ခြင်းကြောင့်ဟုသိရှိကြပါသည်။ ထို့အပြင် နန်းစဉ်ရတနာ ပတ္တမြားငမောက်ဟု ဆိုလိုက် သည်နှင့် လျှို့ဝှက်ချက်များစွာကို ခံစားကြရပါလိမ့်မည်။ ဤ ပတ္တမြားငမောက်သည် မိုးကုတ်ဒေသ ကပင် ထွက်ရှိခဲ့သည်။
အမြင့်ပေ ( 1000 မှ 2000) ကြားရှိသော တောင်ကြီးများ ပတ်လည် ဝိုင်းထားကာ မြို့အလယ်တွယ် အင်းကြီးတစ်ခု တည်ရှိနေပြန်သော မိုးကုတ်မြို့သည် မြန်မာပြည် အတွင်းရှိ သာမာန်မြို့များနှင့်မတူ ဒယ်အိုးအတွင်းတည်ရှိနေသည် ဟု လူအတော်များများက မှတ်ချက်ပြု ကြသည်။ အထူးသဖြင့် ထိုဒယ်အိုးနှုတ်ခမ်းမှ မြို့ပုံစံကို မည်သည့်ရှုထောင့်မှ ကြည့်လိုက် သည် ဖြစ်စေ မတူညီသော အလှတရားများကို ခံစားရပါလိမ့်မည်။ လမ်းမကြီး တစ်လမ်းကိုအမှီပြုကာ လမ်းသွယ်ပေါင်း များစွာက အစုလိုက် ၊ အစုလိုက် လာရောက်ချိတ်ဆက်ထားသော ရပ်ကွက်တို့ သည် ထိုလမ်းသွယ်များ အတွင်းသို့ ဝင်သွားကြည့်သောအခါ အိမ်များကို လမ်းပလက်ဖောင်းများ နှင့်ကပ်လျက် ဆောက်လုပ် ထားသည်။ ဤပုံစံမြို့ပြတည်ဆောက်ပုံ သည် အရှေ့ဥရောပနိုင်ငံ များ၏ မြို့ပြသဘောတရားနှင့် ဆင်နေသည်။ ဤမျှမကပါ မိုးကုတ်မြို့ ရှိ အိမ်များသည် ပုံစံတစ်ခုတည်း တည်ဆောက်ထားသလား ထင်ရလောက် အောင် ဆင်တူနေသည်။ အခြေခံအားဖြင့် ( 4 ) ထောင့်ပုံစံ၊ ( 2 )ထပ်အိမ်ကို သွပ်မိုးပြီး ၊ အိမ်အခန်းဖွဲ့တိုင်း အပေါ်ထပ်တွင် ပြတင်းပေါက် ဖောက်ကာ အောက်ထပ်တွင် အခန်းပြည့် တံခါးပေါက်များ ဖောက်ထားသည်။ ထိုသို့ ပြုလုပ် ရခြင်းမှာ အောက်ထပ်တွင် ကျောက်မျက်သွေးရန် ၊ အပေါ်ထပ်မှာ ကျောက်မျက်ရတနာ အရောင်းဝယ်ပြုလုပ်ရာ တွင် အလင်းရောင် ကောင်းစွာ ရရှိစေရန် ရည်ရွယ်ကာ ဖောက်လုပ် ထားခြင်း ဖြစ် သည်။ မိုးကုတ်မြို့၏ အခြေသည်ပြန့်ပြူးသော်လည်း အိမ်များ တိုးချဲ့ ရန်လိုအပ်သောအခါ ဒီကရီ 20 မှ 45 ကြား တောင်မကြီး၏ အခြေဆီရှိ တောင်ကုန်းများဆီသို့ မြေနေရာတို့ကို ဦးစွာ လမ်းဖောက်လုပ် လိုက်သည်။ ထိုမှ တောင်ကမ်းပါး ယံများကို ထစ်ယူ ကာအိမ် ဆောက်သည်။ ငွေကြေးတတ်နိုင်ကြသူများ ပီပီ အိမ်များတစ်လုံး ပေါ်တစ်လုံး ကမ်းပါးယံမှတဆင့် ပြိုမကျစေရန် ကျောက်များဖြင့် အိမ်နောက်ကျော အိမ်ရှေ့များတွင် သပ်သပ်ရပ်ရပ် ကျောက်ဖြင့်စီကာ ကမ်းပါးယံကို အားဖြည့်ထားသဖြင့် ထိုတောင် စောင်းရပ်ကွက် များကို ကြည့်ရသည်မှာလည်း ကိုးရီးယား တောင်ခြေ မြို့ငယ်များနှင့် ဆင်နေပြန်သည်။ ထိုမိုးကုတ်ပြန့်ကို ဖြတ်စီးသော ရေနီချောင်းသည် လက်ဖက်ရည် အရောင်ကဲ့သို့ အစဉ်အမြဲ နီမြန်း နေသည်။
္ဘဘူမိဗေဒပညာရှင်တို့ တွေ့ရှိချက်အရ မိုးကုတ်ဒေသ အောက်ခံ ကျောက်သည် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ကျောက်ဖျာထု များတွင် တစ်ခုအပါအ ဝင်ဖြစ်သည်။မိုးကုတ်မြို့တွင် ခေတ်အဆက် ဆက် နေထိုင်ခဲ့ကြသော်လည်း ရတနာပုံခေတ်နှင့် အင်္ဂလိပ် လက်ထက်တွင် ကျောက်မျက်လုပ်ငန်း အပေါ် ပိုမိုအသက်မွေး ဝမ်းကျောင်းပြုကြသည်။ ရတနာပေါ်မှီ၍ ကျောက်တူးဖော်ခြင်း၊ ကျောက်သွေးခြင်း၊ အထည်ပြုလုပ်ခြင်း၊ အရောင်းဝယ်ပြုလုပ်ခြင်း၊ ကျောက်ပွဲစား လုပ်ခြင်းတို့ ဖြစ်သည်။ 1990 မတိုင်ခင်အထိ ကျောက်မျက်ရှာ ဖွေရာတွင် လွယ်ကူသည်။ နေအိမ်ဝင်း အတွင် ရေတွင်းတူးလျှင်ပင် ကျောက်ရသည်အထိ ကျောက်မျက်ပေါများ သည်။ အချို့ကလေးငယ်များ မိုးရွာပြီးစ တွင် ကျောက်မျက်လုပ် ကိုင်ရာ နေရာများ သွားရောက်ရှာဖွေလျှင် ကျောက်ကောက်ရသည့် အခြေနေမှာ ဒုနှင့်ဒေးဖြစ်သည်။ ကျောက်မျက်တူး ဖော်သူတို့ မိုးတွင်းတွင် ကျောက်တွင်းရေများသဖြင့် အလုပ်မလုပ်ဘဲ နေနိုင် သည်အထိ အဆင်ပြေကြသည်။
ကျောက်မျက်တူးဖော်ပုံများမှာ အကြမ်းအားဖြင့် ခဲတွင်း ၊ မြေတွင်း၊ လေးပင် ကိုးပင်စသော လက်လုပ်တွင်းများ ၊ လူးဟူ၍ အမျိုးမျိုး ရှိသည်။ ခဲများကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲကာ ကျောက်ရှာဖွေခြင်း ဖြစ်သည်။ မြေတွင်းသည် မြေကို အင်းကြီးဖြစ်အောင် တူးဖော်ကာ ကျောက်များကို ရှာဖွေသော တွင်း ဖြစ်သည်။ ဤသည်မှ ထွက်ရှိ သမျှ ကျောက်မျက် များတွင် လူးကျောက်သည် အကောင်းဆုံး၊ အလှဆုံးကျောက်မျက်ဟု သတ်မှတ်သည်။ လူး၏သဘော တောင်ကြားရှိ သဘာဝအတိုင်း ရှိနေသော လိုဏ်သဘော ဖြစ်နေ သော နေရာများအတွင်းသို့ ဝင်သွားရင်း ထိုအထဲမှ ဗြုန်းများကို ဆည်ယူကာ ကျောက်ရှာ ဖွေခြင်းဖြစ်သည်။
ထိုကဲ့သို့ရရှိလာသော ကျောက်မျက်အရိုင်းတို့ကို ထာပွဲခေါ် ကျောက်ဝိုင်းတို့ တွင် အရောင်းဝယ်ပြုလုပ်သည်။ ထာသည် ရှမ်းဘာသာ အရ ဗန်းဟု အဓိပ္ပါယ်ရသည်။ ကျောက်မျက်ရတနာ များကို ဗန်းထဲထည့်ကာ ရောင်းချသော ပွဲဟု အဓိပ္ပါယ်ရသည်။ မိုးကုတ်မြို့တွင် ထာပွဲ ( ၄ ) နေရာခန့်ရှိကာ တစ်နေ့တည်းတွင် ရောင်းချသော်လည်း အချိန်ကွဲပြားပြုလုပ် ရောင်းဝယ် ကြသည်။
♢စားသောက်ဖွယ်ရာများ♢
မိုးကုတ်သည် ကျောက်မျက်ရတနာအပြင် မိုးကုတ်အစားသောက် များ မှာ နာမည်ကြီးသည်။ ဝမ်းသဖိုး၊ မိုးကုတ်မြီးရှည်၊ မိုးကုတ်မျှစ်ချဉ် ၊ မှိုပေါင်း၊ မုန်ညှင်းပေါင်း၊ မိုးကုတ်လက်ဖက်၊ မိုးကုတ်ထမင်းပေါင်း၊ ဝက်သားချဉ် ၊ မိုင်းလုံဝက်သားချဉ်၊ မှိုသင်္ကန်း ၊ တည်သီး ၊ မက်ခေါက်သီးတို့မှာ နာမည်ကြီးသည်။ ဝမ်းသဖိုးဆိုသည်မှာ တိုဖူးနွေးတစ်မျိုးဖြစ်ကာ ထိုအထဲသို့ ခေါက်ဆွဲထည့်စားရသော အစားတစ်မျိုးဖြစ်သည်။ ကိုလိုနီခေတ်တွင် အင်္ဂလိပ်အရာရှိတစ်ဦး ထိုအစားအသောက်ကို မိုးကုတ်သားတို့ တည်ခင်းဧည့်ခံစဉ် ပထမဆုံး စားလိုက်သော အရသာကို ကြိုက်နှစ်သက် လွန်းသဖြင့် အာမေဋိတ်သံ ( Wonderful ) ဟု ပြောလိုက်သည်မှ ထိုအစားစာ ကို ဝမ်းသဖိုးဟု ခေါ်တွင်ကြောင်းလည်း အဆိုရှိသည်။ နောက်ထပ်အစားသောက်ထဲမှ တစ်ခုကို ထပ်ညွှန်းရ မည်ဆိုလျှင် မှိုသင်္ကန်းဖြစ်သည်။ ဤမှိုမျိုးသည် သြဂုတ် ဒုတိယပတ်မှ စက်တင်ဘာ ပထမအပတ်ကြားတွင် ပေါ်သော မိုင်းလုံမြို့ဘက်မှ ပေါ်သောမှိုတစ်မျိုး ဖြစ်သည်။ အပွင့်သေးငယ်ကာ အဝါရောင်ရှိပြီး တစ်ပြည်တစ်သောင်း ခန့်အထိ စျေးရှိသော မှိုမျိုးဖြစ်သည်။
♢လည်ပတ်စရာနေရာများ♢
မိုးကုတ်မြို့ရှိ လည်ပတ်စရာနေရာများသည် အများအားဖြင့် မြို့ပတ်လည်တောင်ခြေ များတွင် မြို့ကို ရှုထောင့်အမျိုးမျိုးမှ မြင်တွေ့ ရသည်။ ငွေကြေးချမ်းသာကြသူများနေထိုင်ရာမြို့ ဖြစ်သလို ၊ ဗုဒ္ဓဘာသာကို အထူးသက်ဝင်ယုံကြည်ကြသည့် အတွက် ရပ်ကွက် တိုင်း တွင် ဘုရားစေတီ နှင့် သာသနာ့ဗိမာန်တော်တို့မှာ အလွန်ပင် ခမ်းနားထည်ဝါလှသည်။ လက်ရာအများစုသည် ကိုလိုနီခေတ် နှောင်းကာလ လက်ရာများဖြစ်ကြသည်။ဖောင်တော်ဦးဘုရား၊ ချမ်းသာကြီးဘုရား ၊ ပတ္တမြားစေတီ ၊ အေးစေတီ၊ ရှုခင်းသာ ၊ ဘုရားတစ်ထောင်လိုဏ်ဂူကျောင်း၊ ဘားနဒ်ရွာ၊ မိုးကုတ်အနောက် ပိုင်းကျပ်ပြင်တွင် ဒေါ်နန်းကြည်တောင် ၊ ပင့်ကူတောင်၊ ကျောက်ပြသဒ်တို့ မှာ သာယာလှပသည်။
♢ဖောင်တော်ဦးဘုရား♢
ဖောင်တော်ဦးဘုရားတွင် ဓါတ်တော်တိုက် ၊ ပတ္တမြားပလ္လင်နှင့် မိုးကုတ်ရှုခင်း တို့ကို ကြည့်ရှုနိုင်သည်။ ဖောင်တော်ဦးဘုရား ဗိမာန်တော်ကြီး၏ အမွန်းပန်းများ သည် မန္တလေးမြို့မှ ဗိသုကာ ဆရာဆိုင်၏ လက်ရာဖြစ်သည် ဟုလည်း သိရသည်။
♢ချမ်းသာကြီးဘုရား♢
အင်းဝပြည်ဘုရင်မင်းခေါင် တည်ထားသော စေတီဖြစ်သည်။ မိုးကုတ်သူ မိုးကုတ်သားတို့ လှူဒါန်းသော ရတနာများစွာ အပြင် ရွှေစေတီ ၊ ငွေစေတီ တို့တွေ့ရသော ဘုရားဖြစ်သည်။
♢ပတ္တမြားစေတီ♢
ပတ္တမြားစေတီသည် ချမ်းသာကြီးဘုရား ၊ မိုးကုတ်အင်းနှင့် မိုးကုတ်မြို့ရှုခင်းကို ကောင်းစွာမြင်တွေ့ရသော ဘုရားဖြစ်ကာ မိုးကုတ်ကိုယ်စားပြုသော ဓါတ်ပုံများ ရိုက်ယူရာ နေရာလည်းဖြစ် သည်။ အထူးသဖြင့် နေဝင်နှင့် ညမိုးချုပ်သော အချိန်များတွင် အလွန်သာယာသော နေရာဖြစ်သည်။ မိုးကုတ်ချိုင့်ဝှမ်းအတွင်း မီးများထွန်းထားကာ လင်းထိန်နေသော မြို့၏အလှမှာ ရင်သပ်ရှု မောဖွယ် ကောင်းလှသည်။
္ဘ♢ဘားနဒ်ရွာ♢
ဘားနဒ်ရွာသည် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသည် ဆိုသည်နှင့် မိုးကုတ်မြို့မတည်ခင် ထိုရွာတွင် လာရောက်မြို့တည် သော နေရာဖြစ်သည်။ ဝန်ရှင်တော်မင်းကြီး ဘားနဒ် ( Commissioner Bernard ) ကို အစွဲပြုကာ ထိုရွာကို ဘားနဒ်ရွာဟုခေါ်ဆိုသည်။ ထိုရွာတွင် ယနေ့အချိန်ထိ ဗြိတိသျှတို့၏ လက်နက်တိုက် နှင့် အင်္ဂလိပ်စစ်သင်္ချိင်းကို တွေ့ရသည်။ ဤရွာသို့မရောက်ခင် လမ်းတလျှောက် လီဆူ ၊ တရုတ်လူမျိုးတို့ မိမိတို့ နေအိမ်ဆောက်လုပ်ခြင်း ၊ စိုက်ပျိုးရေး မွေးမြူရေး ၊ ဝတ်စားဆင်ယင်မှု ၊ မိရိုးဖလာယဉ်ကျေးမှု ရိုးရာမပျက် တွေ့ရှိရသေး သည်။ ဘားနဒ်သည် မိုးကုတ်မြို့၏ အအေးဆုံးနေရာ လည်းဖြစ်သည်။ ဆောင်းတွင်းတွင် ရေခဲအမှတ်အောက် ရောက်ရှိ သဖြင့် အိမ်ခေါင်မိုး နှင့် တစက်မြိတ်မှ ကျသောဆီးနှင်းများ ၊သစ်ပင်သစ်ရွက်များ ကန်ရေ မျက်နှာပြင်အစ ရှိသည်တို့ ရေခဲနေ သည်။ ထိုဒေသတွင် ( ၅ ) တစ်စျေးရောင်းချသော စျေးလေးသည် ချစ်စရာတိုင်းရင်းသားရိုးရာ စျေးကလေးဖြစ်သည်။ ထို ဒေသ၏ ပြောင်ခေါင်း မုန်ညှင်းစိမ်းမှာ နာမည်ကြီးသည်။ ထိုစျေးတွင် လတ်ဆတ်သော ခြံထွက် ဟင်းသီး ဟင်းရွက် ၊ ကော်ဖီ ၊ အဝတ် အထည် ၊ ရတနာ ၊ ခေါက်ဆွဲဆိုင်တန်း များ ၊ အနက်ရောင်ကြက် ၊ဝက်များကို အရှင်ရောင်းသောစျေးအဖြစ် တွေ့ရသည်။
အင်္ဂလိပ်တို့သည် မိုးကုတ်အား ပတ္တမြားတွင်းခရိုင်ဟု ဖွဲ့စည်းခဲ့၍ မိုးကုတ်သည် ခရိုင်ရုံးစိုက်မြို့ ဖြစ်ခဲ့၏။ မိုးကုတ်မြို့လယ်ရှိ အင်းကြီး သည် အင်္ဂလိပ်တို့ ( 1894 ) တွင် ကျောက်မျက်ရှာဖွေတူးဖော်ခဲ့ သော အင်းကြီးဖြစ်သည်။ ပေ ( 70 -80 ) ခန့်အနက်ရှိကာ ကမ္ဘာကျော် ( Burmese Ruby ) ရရှိခဲ့သော တွင်းဟုလည်းသိ ရသည်။ ထိုအင်းအနီးရှီ စစ်တန်းကုန်း ၊ ဗိုလ်ကုန်းတို့တွင် ဆိုင်ရာ ရာထူး အရာခံ အကြပ်စစ်သည်တို့ကို နေရာချထားပေးသော နေရာ များဖြစ်သည်။ ယနေ့တိုင် ကိုလိုနီအဆောက်အဦးနှင့် ချပ်ကျောင်း များ တွေ့ရသည်။ မိုးကုတ်အင်းသည် မိုးအခါတွင် ရေများပြည့် နေတတ် သဖြင့် အင်္ဂလိပ်တို့ အခက်ကြုံသည်။ ထိုရေများထုတ်ပစ်ရန် သည် အတော်ပင် ကုန်ကျစရိတ်များသဖြင့် နောက်ဆုံး အင်းကြီးကို လိုဏ်ခေါင်းတစ်ခု ဖောက်လုပ်ကာ မိုင်းလုံမြို့သို့ သွားသောလမ်း ဘက်တွင် ရေများကိုဖောက်ချ လိုက်ကာ ရေလွဲတံခါးတစ်ခု တပ်ဆင် ထား သည်။ အင်းကြီးဆက်မတူး တော့သည့်အချိန် ထိုအင်းအနီးတွင် နောင်အခါလူများ လာရောက်နေထိုင်သည်။ အင်းကြီးသည် အမှန်တကယ် အင်းအတွင်းရှိရေများက ကျားကန်ထား သဖြင့် အင်းနှုတ်ခမ်းတွင်နေထိုင်သော အိမ်များအင်းထဲပြိုမ ကျခြင်းဖြစ် သည်ဟု အင်္ဂလိပ်တို့နားလည်သည်။ မြန်မာ ပြည်လွတ်လပ်ရေး ရသောအခါ ထိုအင်းရေလွဲတံခါးကို အင်္ဂလိပ်တို့ အသေပိတ်ပစ်ကာ ပြန်သွားခဲ့သည်။
♢မိုးကုတ်သမိုင်းအကျဉ်း♢
မိုးကုတ်မြို့ဖြစ်ပေါ်လာပုံမှာ မြန်မာသက္ကရာဇ် ( ၅၇၉ ) ခုနှစ် ၊ ခရစ်နှစ် ( 1218 ) ခုနှစ်ခန့်က မိုးမိတ်စော်ဘွားကြီး သိုဟန်ဖ ( ဆေဟန်ဖ ) လက်ထက်တွင် ရှမ်းမုဆိုးသုံးဦး တောလည်ထွက်ရင်း မျက်စေ့လည် လမ်းမှားကာ ရောက်ရှိလာပါသည်။ မိုးလည်းချုပ် သွားပြီဖြစ်သဖြင့် ထိုတောရှိ သဖန်းပင်ကြီးအောက်တွင် စခန်းချခဲ့ သည်။ နံနက်မိုးသောက် သော် အနီးတွင် တောင်ပြိုနေပြီး ကောင်းကင်ယံမှ ကျီးကန်းနှင့် စွန်များ ပျံဝဲဟစ်အော်နေကြောင်း တွေ့ရပါသည်။ အကြောင်းမှာ ကျီးကန်းနှင့် စွန်များသည် မြေပေါ်တွင် ချင်းချင်းနီ ပေါ်နေသော ပတ္တမြားနီများကို တွေရှိရသဖြင့် အသားဟု ထင်ကာ ချီယူရန်ဖြစ်သည်။ မုဆိုးတို့လည်း ထိုပတ္တမြားတို့ကို ယူဆောင်ခဲ့ကာ စော်ဘွားကြီးကို ဆက်သခဲ့သည်။ စော်ဘွားကြီး လည်း ထိုပတ္တမြားမြေကို တူးဖော်ရန် အိုးစား (30)နှင့်အတူ သဖန်းပင်ကြီးအနီးတွင် ရွာတည်ခဲ့သဖြင့် သဖန်းပင်ရွာသည် မိုးကုတ်စတင်ဖြစ်တည် စေခဲ့သော နေရာဖြစ်လာခဲ့သည်။ ဘုရင့်နှောင် ခေတ်၊ ညောင်ရမ်း ၊ အမရပူရ ၊ ခေတ်အဆက်ဆက် ဘုရင်များ အထူးအားကိုးအားထား ပြုရသော ရတနာနယ်မြေတစ်ခု ဖြစ်သည်။ သီပေါမင်းလက်ထက်တွင် ပြင်သစ်အင်ဂျင်နီယာများက မိုးကုတ်၊ ဒေသရှိ ပတ္တမြားတွင်းများကို နှစ်စဉ် အခွန်တော်ငွေ ကျပ်သုံးသိန်း ပေးသွင်း၍ ပတ္တမြားတွင်းများတူးဖော်လုပ်ကိုင်ခွင့် လျှို့ဝှက်သဘော တူညီကြသည်။ ဤစာချုပ်ကြောင့် အင်္ဂလိပ်မြန်မာဆက်ဆံရေး တဖြည်းဖြည်း တင်းမာလာကာ နောက်ဆုံး မြန်မာတစ်နိုင်ငံလုံးကို သိမ်းယူခဲ့သည်။ အထက်မြန်မာနိုင်ငံ ကျဆုံးခြင်းနှင့်အတူ မြန်မာ ပတ္တမြားတွင်းများသည်လည်း နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက် သို့ ကျရောက်ခဲ့ရသည်။ သီပေါမင်းမှ ယာယီလိုင်စင်ဖြင့် ပုံသေငှားရမ်းခ ရယူပြီး လုပ်ကိုင်ခွင့်ပြုထားလျှက်ရှိသော ပြင်သစ်ကုမ္ပဏီ Messrs Bonvellein & Co. လည်း ပါတော်မူအပြီး လိုင်စင် ပျက်ပြယ် ခဲ့သည်။
ရတနာဟုဆိုရာတွင် လောကီရတနာအပြင် မိုးကုတ်ဆရာတော် ဘုရား ဦးဝိမလသည် မိုးကုတ်ဝိပသနာ စက်ဝိုင်းအား ကမ္ဘာကို မိတ်ဆက်ပေး ခဲ့သူလည်းဖြစ်သည်။ မိုးကုတ်မြို့အပြင်ဖက် တွင် လက်ဖက်ခြံများ ၊ လှေကားထစ် စိုက်ခင်းများ ၊ ရေတံခွန်များ ၊ ထိုအလှတရားများအပြင် ကြော်ငြာ မင်းသမီး ထက်ထက်မိုးဦး ၊ ထွန်းအိနြာဗိုလ် ၊ ရီဝေယံ ၊ ကစ်ကစ် ၊ ဖွေးဖွေး ၊ ခင်လေးနွယ် ၊ N-ကိုင်ရာ နှင့် အခြား ကျော်ကြားသူများစွာ ပေါ်ထွန်း ရာမြို့ဖြစ်သည်။
မိုးကုတ်သူမိုးကုတ်သားတို့သည် ယဉ်ကျေးသိမ်မွေ့ကာ တစ်ဦးနှင့်တစ်ဦး တွေ့သည့်အခါ စားပြီးပြီလား ၊ တစ်ဦးဦးက ထွက်ခွာသွားသည့်အခါတွင် ကျန်တစ်ဦးက ဖြေးဖြေးနော် လာလည် ဦးနော် စသဖြင့် လေးလေးစားစား နှုတ်ဆက်တတ် သော သဘာဝ ရှိသည်။ နေအိမ်များကို သန့်ရှင်းသပ်ရပ်စွာ ထားရှိသည်။ အထူးသဖြင့် ဘုရားစင်ကို ကြီးကြီးထားရှိပြီး ဘုရားပန်းအိုး၊ သောက်တော် ရေခွက် နှင့် ဆွမ်းပန်းကန် ပထမတန်းစား ပစ္စည်းများ အသုံးပြုသည်။ ( 2014 ) ခုနှစ် သန်းခေါင်စာရင်းအရ မိုးကုတ်မြို့ရှိ လူဦးရေမှာ ( ၇၇,၆၀၉ ) ယောက်ဖြစ်သည်။
သို့သော် 1990 နောက်ပိုင်းတွင် ကျောက်မျက်ဖက်စပ် လုပ်ငန်းကြီးများ ဝင်ရောက်လုပ်ကိုင်ခြင်း ၊ ကျောက်များ ရှားပါးလာခြင်း ကျောက်နီကြိုက်သော ဥရောပသားတို့ စီးပွားရေး ကျဆင်းကာ ကျောက်ဝယ်ယူမှု နည်းပါး လာခြင်း တို့ကြောင့် မိုးကုတ်စီးပွားရေးလည်း ကျဆင်းသွားကာ ယနေ့မိုးကုတ်သည် အတိတ်၏ ချမ်းသာကြွယ်ဝမှုပြယုဂ်အဖြစ်သာ ကျန်ရစ်နေတော့ သည်။ မိုးကုတ်မြို့သည် ရာသီဥတု သာယာအေးမြသလို ၊ လည်ပတ်စရာ နေရာများစွာနှင့် ဓါတ်ပုံဆရာတို့ ဓါတ်ပုံရိုက်စရာ နေရာများစွာ အကွက်အကွင်း များစွာ ဖော်ထုတ်ရိုက်ယူရန် နေရာကောင်း တစ်ခုဖြစ်သည်။ ဆောင်းရာသီတွင် သွားရောက်ပါက အသင့်တော် ဆုံးဖြစ်သည်။ သွားရောက်လည်ပတ်မည်ဆိုလျှင် မေမြို့လမ်းမှာ နယ်မြေအခြေနေကြောင့် မသွားစေလို၊ ( ၉၉၉ ) ကွေ့ ရှိရာ လမ်းဟောင်းမှသာ သွားစေလိုသည်။ ထို့အတွက် ကားမူး ပျောက်ဆေး ကြိုတင်သောက်ပြီးသွားစေလိုသည်။
သုခုမအလင်းတန်းများ
Ref:
- ကမ္ဘာကသိတဲ့ပတ္တမြားမြေ ( မောင်ထွန်းဦး )
Crd by @ မိုးကုတ်သတင်း