31/05/2023
မေမြို့ (ခေါ်) ပြင်ဦးလွင်မြို့ရဲ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း
မေမြို့၊ ပြင်ဦးလွင်၊ ပန်းမြို့တော်၊ နှင်းမြို့တော်၊ တောင်လှေကားမြို့ စတဲ့ နာမည်ငါးမျိူးပိုင်ဆိုင်ထားတဲ့ မြို့ကလေးကို မြန်မာနိုင်ငံသား တော်တော်များများ ရောက်ဖူးကြသလိုကမ္ဘာလှည့်ခရီးသည်များ နှစ်သက်သောမြို့လည်းဖြစ်သည်။ ပြင်ဦးလွင်က လူစိတ်ဝင်စားရသည်ကို ညွှန်းရမည်ဆိုလျှင် ပြင်ဦးလွင်ပိုင်ဆိုင်သော ဂုဏ်ပုဒ်များစွာရှိနေပါသည်။ မေမြို့ပန်းနှင့်ဂန္ဓမာထွက်သောမြို့၊ ဆွယ်တာမြို့၊ စံဂျူးမလိုင်မြို့၊ ဟင်းသီး ဟင်းရွက ်မြို့၊ ကော်ဖီနှင့်ယိုမျိုးစုံထွက်သောမြို့၊ ဗိုလ်လောင်းမြို့၊ ရထားလုံးရှိသောမြို့၊အလှဆုံးပန်းခြံရှိသောမြို့၊ ဘော်ဒါကျောင်း၊ နွေရာသီတွင် လူတိုင်းတောင့်တသော တောင်စခန်းမြို့၊ မြန်မာနိုင်ငံ၏ Hollywood မြို့ စသည်တို့ ဖြစ်သည်။ ပြင်ဦးလွင်မည်သို့ ဖြစ်ပေါ်လာပါသနည်း။1850 ခုနှစ်တွင် မြန်မာနန်းတွင်းအရာရှိတို့သည် ပြင်စာရွာနှင့် ပြင်ကြီးကျေးရွာ အကြား ရှမ်းရွာလေးတစ်ရွာကို ရောက်ရှိခဲ့စဉ် ထိုရွာကိုပြင်ဦးဟု ခေါ်ခဲ့သည်။ ကုန်းမြင့်လွင်ပြင်ထက်တွင် တည်ရှိသောကြောင့် ပြင်ဦးလွင်ဟု မှည့်လိုက်သည်။ အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးနောက် 1887 ခုနှစ် တွင်အမှတ် (5) ဘင်္ဂလားခြေလျင်တပ်ရင်းမှ ဗိုလ်မှူးကြီး H.O May သည် ပြင်ဦးလွင်ရွာတွင် စစ်အခြေစိုက်တပ် ထိုင်ရသည်။ပြင်ဦးလွင်၏ရေမြေတောတောင်သဘာဝ၊ ပင်လယ်ရေအမြင့်၊ ရာသီဥတုတို့သည် အင်္ဂလန်နှင့် အနည်းငယ် ဆင်တူ သည်ဟု သတိထားမိလာပြီးမန္တလေး နှင့် ရန်ကုန်နွေအပူဒဏ်များရှောင်ရှားနိုင်ပြီး ထိုရွာကိုအိန္ဒိယရှိ Darjeeling နှင့် Simla ကဲ့သို့ တောင် စခန်းမြို့ တည်ရန် အကြံပြုသည်။ ဝန်ရှင်တော်မင်းကြီး Mr. Smeaton ICS (Indian Civilian Service) မှ အင်္ဂလိပ်မြို့ ပုံစံမြို့ငယ်တစ်မြို့တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။ 1896 တွင် ဗိုလ်မှူးကြီး May သည် မြို့နာမည် ပေးပွဲအတွက် ရွာလူကြီးမိဘများကို အစည်းဝေး ဖိတ်ခဲ့သည်။ ရွာသူကြီးဦးစံက ဗိုလ်မှူးကြီး May ထူထောင်သည်ဖြစ်သဖြင့် မေမြို့ဟု ခေါ်ဆိုရန် အကြံပြုခဲ့ရာမှ မေမြို့ဟု အမည်တွင်သွားခဲ့သည်။ ထိုအချိန်၌ ရွာတွင် အိမ်ခြေ-(23)အိမ်သာ ရှိခဲ့သည်။ အင်္ဂလိပ်တို့သည် 1896မှ 1900 ပြည့်နှစ်များအတွင်း မြို့အကွက်ရိုက်ခြင်း၊ လမ်းဖောက်ခြင်း၊ အဆောက်အဦး ဆောက်ခြင်းများဆောင်ရွက်ခဲ့သည်။အင်္ဂလိပ်မြို့ပုံစံငယ်တွင် အဓိကအားဖြင့် ဘုရင်ခံအိမ်၊ဘူတာ ၊ ရုံးများ၊ စာတိုက် ၊ ဘဏ် ၊ ပန်းခြံ ၊ ဂေါက်ကွင်း ၊ မြင်းစီးကွင်း ၊ အစရှိသည် တို့ကို ဆောက်လုပ်သည်။ အိမ်တော်ကြီးများကို မြေ 2-3-4 ဧကများပေါ်တွင် Tudor Style, Edwardian Style, Geogian Style တို့ဖြင့် ဆောက်လုပ်ကာ မြင်းခင်းပြင်များနှင့် အိမ်ရှေ့တွင်ပန်းမျိုးစုံ စိုက်ပျိုး၍ အလှဆင် ကြသည်။ လမ်းများဖောက်လုပ်ပြီးချိန် လမ်းဘေးဝဲယာ ဝက်သစ်ချ ၊ ချယ်ရီ ၊ ထင်းရှူးပင် နှင့် ငှက်ဖျားကာကွယ်သည် ဟူသော ယူကလစ်ပင်တို့ကို စိုက်ပျိုးကြသည်။ ယခု စျေးကြီးလမ်း ကို Hospital Approach Road၊ ဗိုလ်ချုပ်လမ်းကို Bund Road ၊ ချယ်ရီလမ်းကို Massionary Road စသဖြင့် မှည့်ခေါ် ကြသည်။ မြို့တွင်း သယ်ယူ ပို့ဆောင်ရေးအတွက် လန်ချား နှင့် မြင်းလှည်းများထားရှိသည်။ ရန်ကုန်မှ လန်ချားများလာဆွဲရာတွင် အတက်အဆင်းများပြီး ပင်ပန်းကြသဖြင့် ရန်ကုန်သို့ ပြန်ပြေးကြသည်။ မြင်းလှည်းကို ဟိန္ဒူ ၊ မွတ်ဆလင်များက အဓိကမောင်းနှင်ကြသည်။ မြင်းလှည်း (2) မျိုးရှိသည်။ရထားလုံးနှင့် ဒေါက် Cart (ယခုကန်တော်ကြီးအသွားလမ်း ပေါ်ရှိ Woodland Cafe နှင့် Hotel Pyin Oo Lwin ရှေ့ရပ်ထားသော) အမိုးပွင့်လှည်းတို့ဖြစ်သည်။ ဒေါက်ကတ်သည် မျက်နှာဖြူ အရာရှိများသာ စီးခွင့်ရှိပြီး ရထားလုံးကို လူတိုင်းစီးခွင့် ပြုသည်။ လွတ်လပ်ရေးရပြီး အင်္ဂလိပ်များ ပြန်ကုန်ပြီး နဂိုသတ်မှတ်ချက်ကြောင့် စီးမည့်သူ မရှိသဖြင့် ဒေါက်ကတ်မှာ ပျောက်ကွယ်သွား လေသည်။ဘုရင်ခံအိမ်ကို 1900 ပြည့်တွင်ဆောက်လုပ် ပြီးစီးပြီး ဂေါက်ကွင်းငယ် အပြင် 1902 တွင် အိမ်ပတ် ဝန်းကျင် ပန်းစိုက်ပျိုးရန် အိန္ဒိယမှပန်းပညာရှင် Mr. Surup ကိုတာဝန်ပေးသည်။ Surup သည်နိုင်ငံခြားမှ ပန်းမျိုးစိတ် (300) ကျော်ကို ယူ လာပြီး မေမြို့တွင်စိုက်ပျိုးရာမှပန်းမြို့တော်ကို အစပျိုးခဲ့သူဖြစ်သည်။ ဧပြီ (1)ရက် 1900 ပြည့်နှစ်တွင် မန္တလေး-ကွမ်းလုံ မီးရထားလမ်း ဖွင့်ပွဲ ပြုလုပ်ခဲ့ပြီး ယခင်လားဝန်တင်လမ်းကို ကတ္တရာလမ်းဖောက်လိုက်သည်။ရှမ်းပြည်ထွက်ကုန်နှင့်မန္တလေးမှ ရေထွက်ပစ္စည်းများရောင်းဝယ် ဖောက်ကား လာပြီး ကုန်စည်စီးဆင်းမှု မြန်လာကာ ၅ ရက်တစ်စျေးမှာ ပိုမိုစည်းကားလာခဲ့သည်။
တရုတ်၊ ကုလား၊ ဗမာတို့သည် ယခုမြို့လည် နေရာတွင် အခြေချပြီး ဘုန်းကြီးကျောင်း၊ ဟိန္ဒူကျောင်း၊ ဗလီ၊ ဘုံကျောင်းများ ဆောက်လုပ်ကြသည်။နိုင်ငံခြားသာသနာပြုနှင့် နိုင်ငံခြားကျောင်းများ ပေါ်ပေါက်လာပြီး အင်္ဂလိပ်တို့က ထိုကျောင်းများတွင် ပညာသင်ကြသည်။ Goverment Anglo-Vernacular High School, Anglo-Tamil School, St.Albert’s Missionary School, St.Joseph Convent School, American Baptist Girl School များ ပေါ်ထွက်လာခဲ့သည်။ ဒေသ၏ အဓိကထွက်ကုန်များမှာ ပန်း၊ ဟင်းသီးဟင်းရွက်၊ ဝိုင်၊ ဆွယ်တာ ၊နို့နှင့်နို့ထွက်ပစ္စည်း၊ ကုလားမုန့်အချို၊ ယို တို့ ဖြစ်သည်။အင်္ဂလိပ်တို့က ကိတ်နှင့်စက်ပစ္စည်းရောင်းသည်။ တရုတ်က စားသောက် ဆိုင်၊ အရက်ဆိုင်၊ အပေါင်ဆိုင်များ ဖွင့်လှစ်သည်။ (1904) တွင် အိန္ဒိယစစ်ဦးစီးချုပ်လော့ဒ်ကလစ်ခ်ျ က မန္တလေးရှိ အင်္ဂလိပ်တပ်၊ ကုလားတပ်များကို မေမြို့သို့ ပြောင်းရွှေ့ သည်။ စစ်တပ်ဦးရေသည် မြို့နေလူဦးရေနှင့် အတူတူဖြစ်လာရာ တပ်မြေနှင့် အရပ်မြေ ပြန်ခွဲသည်။ ယနေ့ စစ်တက္ကသိုလ်အနီးရှိ ကချင်တပ်၊ ချင်းတပ်၊ ကုလားတပ်၊ ဂေါ်ရခါးတပ်တို့သည် ယခင်ကတည်းက ရှိခဲ့သည်။သစ်တစ်ပင်တောင်မှ ရေကန်ကြီးတစ်ခုဆောက်ကာ ရေပေးဝေရေးပြုလုပ်ခဲ့သည်။ အင်္ဂလိပ်တို့ တည်ခဲ့သော ဂေါက်ကွင်းသည် ကျင်း (18) ကျင်း နှင့် ဧက (500) ပေါ်တွင် တည်ခဲ့ပြီး ထိုခေတ်က ကမ္ဘာ့အဆင့်မှီ ဂေါက်ကွင်းတစ်ကွင်း ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ခါနီး ဘုရင်ခံ Sir Dorman Smith သည် Anglican Church တွင် သူ့သမီးမင်္ဂလာဆောင်ပွဲ ကျင်းပခဲ့သည်။ ထို့နောက် သူ့အိမ်တော်ရှေ့တွင် မန္တလေးမှ ပုဏ္ဏားများ ပင့်၍ မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာဘိသိက်သွန်းပေးခဲ့သည်။အင်္ဂလိပ်တို့သည် အင်္ဂလန်တွင် မွေးဖွားသူကိုသာ အထက်တန်းလွှာဟု သတ်မှတ်သဖြင့် ကိုယ်ဝန်ဆောင် အင်္ဂလိပ်အမျိုးသမီးများ မီးဖွားလိုလျှင် အင်္ဂလန်သို့ ပြန်ကြရသည်။ နောင် မေမြို့တွင် ဆေးရုံဖွင့်လှစ်ပြီး နိုင်ငံခြား ဆရာဝန်နှင့် Nurse များ ထားရှိပေးသဖြင့် မေမြို့မှာ မွေးလျှင် အထက်တန်းလွှာတွင်း ထည့်ပေးလိုက်သည်။ Botanical Garden ကို ဧက (240) ပေါ်တွင် Sir Alex Roger မှ ဆောက်လုပ်ပေးခဲ့သည်။ပထမကမ္ဘာစစ်တွင် တူရကီစစ်သုံ့ပန်းများကို ခေါ်ယူ၍ ကန်တော်ကြီးကို တူးဖော်ပေးခဲ့သည်။ ထိုအချိန် ဘုရင်ခံ ၏ အမည်မှာ Sir Harcode Butler ဖြစ်သဖြင့် ထိုကန်ကို Butler Lake ဟု ခေါ်သည်။ 1917 မှ စတင် တူးဖော်ရာ 1920 တွင် ပြီးစီးကြောင်း ကန်ရေလွှဲပေါက်တွင် ကဗျည်းကျောက်တိုင် ရေးထိုးထားသည်။ရုက္ခဗေဒနည်းစနစ်ဖြင့် အကွက်ချစိုက်ပျိုးခဲ့ပြီး 1924 တွင် ပြီးစီးခဲ့သည်။ London မြို့ရှိ Kew ပန်းခြံဆောက်ခဲ့သော Mr & Mrs Cuffe တို့မှ ဆောက်လုပ်ပေးခဲ့သည်။ မြို့လည်ခေါင်ရှိ Purcel Tower နာရီစဉ်ကို နိုင်ငံခြားသားများ တကူးတက ဓာတ်ပုံရိုက်နားထောင်လေ့ရှိသည်။ ထိုနာရီကို မန္တလေးမြို့ (26×83) ထောင့်ရှိ ကာတစ်ဆေးတိုက် မှ အာမေးနီးယန်းလူမျိုး Mr Purcel မှ 1936 တွင် George V ၏ ငွေရတု နန်းတက်သော အထိန်းအမှတ်အဖြစ် လှူဒါန်းခဲ့သည်။ထိုနာရီသည် အင်္ဂလန်နိုင်ငံ Gillette & Johnson Co. မှ အနည်းငယ်ထုတ်သောနာရီဖြစ်ပြီး Big Ben နာရီသံမျိုးဖြစ်သည်။ တစ်ပတ် ၂ ကြိမ် သံပတ်လှည့်ပေးရပြီး ဒုတိယကမ္ဘာစစ်အတွင်း ကလီစာများ အခိုးခံရသည်ကို ဦးသိန်းနာရီဆိုင်မှ ပြန်လည်ပြုပြင်ပေးခဲ့သည်။ 15 Min တိုင်း တစ်ကြိမ် တီးခတ်သည်။ပွဲကောက်ရေတံခွန်ကို အင်္ဂလိပ်တို့က Hampshire ဟု ခေါ်ခဲ့သည်။ 1950 တွင် BE တပ်ကထိုအနီးစခန်းချသဖြင့် BE Fall ဟုခေါ်ဆိုခဲ့သည်။ 1963 တွင် အိမ်ကြီးများကို ပြည်ပိုင် သိမ်းခဲ့ပြီး၊ မေမြို့မှပြင်ဦးလွင်သို့ 1990 ခန့်တွင်ပြောင်းလဲခေါ်ဝေါ်ကာ 2000 ခုနှစ်တွင် ရုက္ခဗေဒဥယျာဉ်ကို အမျိုးသားကန်တော်ကြီးဥယျာဉ်ဟု ပြောင်းလဲခေါ်ဝေါ် ပါကြောင်း တင်ပြလိုက်ပါသည်။
ိုင်းကြောင်း