Kalaw ThudanuSai travelling Tour

Kalaw ThudanuSai travelling Tour Viber 09251158485 09423063946
ကလော ရွာငံ
ပင်းတယ အင်းလေး ပင်လောင်း တောင်ကြီး
ခရီးသွားဝန်ဆောင်မှု့

kalaw car Taxi service ko sai @ thudanusai

မိုးကျလာတာနဲ့ ပွင့်တော့မယ်   #ပလောင်တောင်ဗျူးပွိုင့် #ရွာငံ #ကလောမြို့ #ပင်းတယ #အင်းလေး   #ကလောသုဓနုစိုင်းကားအငှားဝန်ဆော...
13/05/2026

မိုးကျလာတာနဲ့ ပွင့်တော့မယ်


#ပလောင်တောင်ဗျူးပွိုင့်
#ရွာငံ
#ကလောမြို့
#ပင်းတယ
#အင်းလေး


#ကလောသုဓနုစိုင်းကားအငှားဝန်ဆောင်မှု
ောသုဓနုစိုင်း
#ကလောမြို့ခရီးသွားကြမယ်စုံစမ်းမယ်
#ဓာတ်ပုံအားလုံး
#ဖုန်းကင်မရာဖြင့်ရိုက်သည်
#ကလော
#မြင်းမထိ
#ဗျိုက်တောင်
#အိုးစည်တောင်
#ဟဲဟိုး


#ရေပြာအိုင်

#09251158485

ကလောရွှေဥမှင်ဘုရားရှိ ခေတ်အဆက်ဆက်က ရှေးဟောင်းစေတီများ  ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၁၆) ရက်နေ့တွင် ဧည့်သည်များကို လိုက်ပို့ရင...
13/05/2026

ကလောရွှေဥမှင်ဘုရားရှိ ခေတ်အဆက်ဆက်က ရှေးဟောင်းစေတီများ

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၁၆) ရက်
နေ့တွင် ဧည့်သည်များကို လိုက်ပို့ရင်း
ကလောမြို့၏ တောင်ဘက်၌ တည်ရှိသော
ရွှေဥမှင်ဂူဘုရားသို့ ရောက်ခဲ့ပါသည်။

ရွှေဥမှင်ဂူဘုရားဟု သိကြသော နေရာတွင်
တည်ရှိနေကြသည့် ရှေးအမွေအနှစ်များမှာ
ဂူတွင်း၌ တည်ရှိနေသော ရှေးရုပ်ပွားတော်များ
နှင့် ဂူပြင်ပ၌ တည်ရှိနေသော ရှေးဟောင်း
စေတီများပင် ဖြစ်ပါသည်။

သာမန်အားဖြင့် ရွှေဥမှင်ဂူသို့
ဘုရားဖူးလာကြသူများသည် ဂူအတွင်း
ကိုသာ အဓိကထား ဖူးမြော် လေ့လာကြခြင်း
ဖြစ်ပြီး ဂူပြင်ပရှိ ရှေးဟောင်းစေတီများ၏
တန်ဖိုးကို သာမန်အားဖြင့် သတိထားမိသူ
နည်းပါးလှသည်။

စင်စစ်အားဖြင့် ရွှေဥမှင် ဂူဘုရားတွင်
ကလောဒေသနှင့် ပတ်သက်သော
ရှေးဟောင်းအတိတ်သမိုင်းကို ဖော်ညွှန်း
နေသည့် သက်သေအထောက်အထားများစွာ
ရှိနေကြောင်း သေချာလေ့လာကြည့်မှ
သိနိုင်ပါသည်။

ရွှေဥမှင်ဂူကို ငယ်စဉ်ကတည်းက
ရောက်ဖူးသော်လည်း တည်ရှိနေသော
ရှေးဟောင်းဘုရားများကို ထိုစဉ်က
အထူးတလည် သတိမထားမိခဲ့ပါ။

၁၉၉၇ ခုနှစ်မှ စတင်ပြီး ရှေးဟောင်းစေတီ
များကို စနစ်တကျ ပြန်လည်ပြင်ဆင်
ခဲ့သဖြင့် ယနေ့ တွေ့မြင်နေရသော
ကြည်ညိုဖွယ်ရာ ရှေးစေတီများကို
ဖူးတွေ့နေရခြင်း ဖြစ်ပါသည်။

သို့သော်လည်း ပြင်ဆင်မှု သမိုင်းမှတ်တမ်း
ကို မသိရသဖြင့် လက်ရှိမြင်နေရသော
စေတီတော် ပုံစံများသည် မူရင်းစေတီကို
လက်ရာမပျက် ပြင်ဆင်ထားခြင်း
ဟုတ်မဟုတ်တော့ သေချာစွာ
သိခွင့် မရခဲ့ပါ။

ယနေ့မှာတော့ ထိုအဖြေကို သိရှိခဲ့ရပြီ
ဖြစ်ပါသည်။ မန္တလေး ငလျှင်ကြီးလှုပ်စဉ်က
ရွှေဥမှင် စေတီများ ထိခိုက်မှုဖြစ်တာ မသိခဲ့ပါ။ ရောက်လည်း မရောက်ဖြစ်ခဲ့ပါ။
အကြီးအကျယ် ထိခိုက်မှု မဟုတ်သောကြောင့်
သတင်းမကြားတာလည်း ဖြစ်ပါလိမ့်မည်။

ယနေ့ ရောက်သွားသောအခါမှ မမျှော်လင့်ဘဲ
ငလျှင်ဒဏ်ကြောင့် အနည်းငယ် ပြိုပျက်
သွားသည့် စေတီတော် များကို ပြန်လည်
ပြင်ဆင်နေတာကို တွေ့မြင်လိုက်ရခြင်း
ဖြစ်ပါသည်။ ကျွန်တော့် အတွက်တော့
စေတီ၏ အတွင်းပိုင်းကို သိရှိလေ့လာ
နိုင်ဖို့ အခွင့်အရေး ရသွားပါသည်။

စေတီတော်များကို ကြီးကြီးမားမား
ထိခိုက်တာတော့ မဟုတ်ပါ။ အဓိကအားဖြင့်
စေတီတော်၏ အောက်ခြေ ပိုင်းများတွင်
အက်ကွဲကြောင်းများ ဖြစ်၍ ပြန်လည်ပြုပြင်
ထားတာ တွေ့ရပါသည်။ အောက်ပိုင်း
ပြုပြင်ထားသော စေတီတော်များနှင့်
ပြုပြင်ရန် အင်္ဂတေများ ခွါထားသော
စေတီ နှစ်ဆူကိုလည်း‌ တွေ့ရပါသည်။

ပြင်ဆင်ဖို့ ပြုလုပ်ထားသော ထိုစေတီ
နှစ်ဆူတွင် မူလစေတီမှ ရှေးအုတ်များပေါ်နေ
သဖြင့် အုတ်များကို တိုင်းတာကြည့်ရာ
အလျား ၁၄ လက်မ၊ အနံ ၇ လက်မနှင့်
ထု ၂ လက်မခန့်ရှိပါသည်။

လက်ရှိ မြင်တွေ့နေရသော စေ တီတော်၏
ရှေးအုတ်အနေအထားများအရ
ရှေးစေတီများကို မူလလက်ရာအတိုင်း
ပြန်လည်ပြင်ဆင်ခဲ့ခြင်း ဖြစ် ကြောင်း
သိရှိရပါသည်။ စေတီတော် ပြင်ဆင်
နေသော ပန်းရံဆရာများကို တွေ့သဖြင့်
မေးကြည့်ရာတွင်လည်း ပြင်ထားသော
စေတီအားလုံးသည် မူလ ရှေးလက်ရာ
အတိုင်း ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ကြောင်း
ပြောပြပါသည်။

ကလောမြို့ရှိ ရှေးဟောင်းဘုရားများ
အနက် ‌ရွှေဥမှင်ဘုရားတွင် တည်ရှိနေသော
စေတီတော်များသည် ပုံစံ မျိုးစုံတွေ့ရပါသည်။ အချို့စေတီများသည် အင်းဝခေတ်က
တည်ထားခဲ့သော ပစ္စယံဝိုင်း စေတီများနှင့်
ညောင်ရမ်း ခေတ်ပုံစံ ထူးခြားသော
ဖရုံမြှောင့်ပုံစံ စေတီတော်များကိုလည်း
တွေ့မြင်ရပါသည်။

အလောင်းစည်သူမင်းကုသိုလ်
ဆုတောင်းပြည့် မူလစေတီ

ရွှေဥမှင်ဘုရား စေတီစုတွင်
ရှေးဟောင်းစေတီ ၃၆ ဆူနှင့် ယခုခေတ်မှ
ပြန်တည်ထားသော စေတီ ၂ ဆူ
စုစုပေါင်း ၃၈ ဆူရှိပါသည်။ မူလက
ရှေးဟောင်းစေတီတော် ၃၇ ဆူ ရှိခဲ့ပါသည်။

၎င်းတို့အနက် အုတ်ခုံသာ ကျန်ရှိတော့သည့်
စေတီတော် တစ်ဆူမှ ဌာပနာများကို
တူးဖော်ပြီး ပြန်လည်ထည့်သွင်း
တည်ဆောက်ထားသည့် အောင်မြေသာစံ
စေတီတော်နှင့် ဂြိုဟ်ပြေ၊ ရန်ပြေ၊ ဆန္ဒပြည့်
စေတီနှစ်ဆူတို့သာ ယခုခေတ်လက်ရာ
စေတီများ ဖြစ်ပါသည်။

မူလ ပထမဆုံးတည်သည့် စေတီမှာ
အလောင်းစည်သူမင်း၏ ကုသိုလ်တော်
ဆုတောင်းပြည့် စေတီဖြစ်ပါသည် ။
ထိုစေတီသည် ဂူပေါက်ဝ၏ မြောက်ဘက်
စေတီစု၏ အလယ်လောက်မှာ အခြား
စေတီများ ခြံရံကာ တည်ရှိနေသည့် အတွက်
ဂူသို့ ရည်မှန်းကာ လာကြသူများ ထိုစေတီကို
သတိမပြုမိကြပါ။

စေတီတော်ပုံစံက အခြားစေတီတော်များနှင့်
မတူဘဲ သီးခြားပုံစံဖြင့် တည်ရှိနေခြင်းက
တမူ ထူးခြားနေ ပါ သည်။ ပုဂံခေတ် စေတီ
ပုံစံဟု ဆိုရမည် ဖြစ်သည်။ ထိုမူလစေတီ၏
ထောင့် လေးထောင့်တွင် အရံစေတီ ၄ ဆူ
အဖြစ်တည်ရှိ နေသော စေတီတို့မှာ
ပစ္စယံဝိုင်းပုံစံဖြစ်၍ အင်းဝခေတ်မှာ
ထပ်တိုးပြီး တည်ခဲ့သည့် စေတီများ ဖြစ်လေ
မလားဟု တွေးတောမိပါသည်။

ထိုစေတီစုတွင် ညောင်ရမ်း ခေတ်နှင့် ကုန်းဘောင်ခေတ်တို့တွင်လည်း စေတီ
တော်များကို ထပ်မံ တည်ထားခဲ့သည် ဟု
ယူဆရပါသည်။

အောင်မြသာစံစေတီတွင် ထည့်သွင်း
ထားသည့် ရှေးဌာပနာတော်များတွင်
ရှေးဟောင်းရုပ်ပွားတော်များ သာမက
ဘုရင်၊ မိဖုရား၊ မင်းညီမင်းသားနှင့်
စစ်သူကြီး ရုပ်တုများလည်း ပါဝင်ခဲ့သဖြင့်
ရှေးမင်းများ တည်ထားခဲ့သည့် စေတီတော်
အဖြစ် ယူဆဖို့ အထောက်အထားများ
ဖြစ်စေခဲ့ပါသည်။ ဤစေတီကို တည်ခဲ့
သည့် ကုသိုလ်ရှင် မင်း အမတ် များသည်
လည်း ကလောသမိုင်းနှင့် တစ်နည်းနည်း
ဖြင့် ဆက်စပ်နေသူများဟု ယူဆနိုင်ပါသည်။

ဂူကြီး၏ အဝင်ဝတွင် တည်ရှိသော
မင်းဝတ်ရုပ်ပွားတော်များသည်လည်း
ဂူဘုရား၏ ရှေးကျမှုကို ဖော်ပြလျက်
ရှိပါသည်။ ဂူအတွင်းဝင်လိုက်လျှင်
ညာဘက်တွင် ရွှေစေတီနှင့်‌ ငွေစေတီ
ခေါ်သော စေတီ နှစ်ဆူရှိပါသည်။

ထိုစေတီ တော်များကို သီရီဓမ္မာသောကမင်း
၏ ကောင်းမှုတော်စေတီများဟု ယူဆပြော
ဆိုကြပါသည်။ ထို့ကြောင့် ထိုစေတီ နှစ်ဆူ
သည် ရွှေဥမှင် ဂူဘုရားများကို စတည်စဉ်ကတည်းက တည်ထားခဲ့သည့် အစဦး
စေတီတော်များဟု ဆိုနိုင်ပါသည်။

ဂူထဲဝင်သည်နှင့် တွေ့ရသော ရုပ်ပွားတော်
များတွင် ကကုသန်၊ ကောဏဂုံ၊ ကဿပနှင့် ဂေါတမ ဘုရားလေး ဆူ ရုပ်ပွားတော်များ
လည်း ပါဝင်ပါသည်။ ထိုဘုရားရှင်တို့၏
ဘွဲ့တော်များကို စာဖြင့် ရေးသားထားခြင်း
ဖြစ်ပြီး စာလုံး ၏ ပုံစံအနေအထားအရ
ထိုရုပ်ပွားတော်များကို ကုန်းဘောင်ခေတ်
နှောင်းလောက်မှာ တည်ထားခဲ့တာဟု
ယူဆမိပါ သည်။ ထို့ကြောင့် ဂူအတွင်း၌
တည်ရှိနေသော ရုပ်ပွားတော်များသည်
လည်း ခေတ်အဆက်ဆက်က တည်ထား
ခဲ့ကြသည်ဟု သိရှိရပါသည်။

နှောင်းခေတ်ကကာလ ပြင်ဆင်မှု
အနေဖြင့် ၁၉၉၇ ခုနှစ်က ဘုရားဂေါပက
ဖွဲ့စည်းကာ ပြင်ဆင်မှု မပြုလုပ်ခင်
ကာလကတည်းက ရွှေဥမှင်ကျောင်း
ဆရာတော် ဦးစန္ဒော ဘာသ သည် ပျက်စီး
ယိုယွင်းနေသော ရှေးဟောင်း စေတီတော်
များကို ကိုယ်တိုင် ပန်းရံပညာဖြင့် တတ်စွမ်း
သမျှ ပြင်ဆင်‌ စောင့်ရှောက်တော်မူခဲ့ပါသည်။

ဂေါပက ဖွဲ့စည်းပြီးသည့် ၁၉၉၇ ခုနှစ်
မှ စတင်ကာ ဂူအတွင်းပိတ်ဆို့နေသည်များ
ကို ဖယ်ရှားရှင်းလင်းခြင်း၊ ရှေးဟောင်းစေတီ
တော်များကို ပြုပြင်မွမ်းမံထခြင်း၊ ဂူကို ချဲ့လို့
ရသလောက် ချဲ့ထွင်ကာ ရုပ်ပွားတော်
အသစ်များ ထပ်မံတည်ထားခြင်းတို့ကို
ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် ယခုအခါ
လိုဏ်ဂူတော်တွင်း၌ ကြည်ညိုဖွယ်
ကောင်းသော ရုပ်ပွားတော်များဖြင့်
သပ်ယပ်သပ္ပါယ်စွာ သန့်ရှင်းစွာ
တည်ရှိနေပြီဖြစ်သလို ဂူပြင်ပ၌
တည်ရှိနေသော ရှေးစေတီတော်များ
ကိုလည်း ကြည်ညိုဖွယ် ဖူးမြှော်နိုင်ကြပြီ
ဖြစ်ပါသည်။

နဂါးရုံဘုရား

ဂူဝတွင် တည်ရှိနေသော ဘုရားရုပ်ပွား
တော်များအနက် အများစုက ရှေးဟောင်း
ဘုရားများ ဖြစ်ကြပြီး နဂါးရုံ ဘုရားကြီး
ကိုသာ ၁၉၉၃ ခုနှစ်လောက်ကမှာ စတင်
တည်ထားခဲ့ခြင်း ဖြစ်ပါသည်။

ထိုနဂါးရုံဘုရား တည်ထားခဲ့သည့်
အကြောင်းရင်းကား ရွှေဥမှင်ဂူ၏ အနောက်
ဘက်၌ တည်ရှိနေသော အင်းပက်လက်ကန်
မှ အစပြုခဲ့ခြင်း ဖြစ်ပါသည်။
အင်းပက် လက်ကန်သည် ရှေးယခင်တုန်းက
ကြာပန်းများစွာဖြင့် တင့်တင့်တယ်တယ်
တည်ရှိခဲ့သော ကန်ဖြစ်ပါသည်။
နောက်ပိုင်းတွင် ထိုကန်အထက်၌ တပ်လိုင်း
ခန်းများ ရောက်လာသဖြင့် ကန်အတွင်း၌
ရေများ သန့်ရှင်းမှု မရှိဖြစ်လာပါသည်။

၁၉၉၃ ခုနှစ်ခန့်တွင် ပျက်စီးယိုယွင်း
နေသော ရှေးစေတီတော်များကို ပြုပြင်နေ
သည့် ရွှေဥမှင်ကျောင်းဆရာတော်
ဦးစန္ဒောဘာသသည် ဂူဝတွင် ရှိနေသော
ကြီးမားသည့် ကျောက်တုံးကြီးကို ဖယ်ရှားဖို့
ဂျီတီအိုင်ကျောင်းသားများ အကူအညီဖြင့်
ဆောင်ရွက်နေခဲ့ပါသည်။

ဒိုင်းနမိုက်များဖြင့် ကျောက်တုံးကြီးကို
ခွဲထုတ်ရာ ကျောက်တုံး၏ ဘေးဘက်
ကျောက်သားများသည် ဓားဖြင့် တိတိရိရိ
ပိုင်းဖြတ်လိုက်သလို ပြတ်တောက်သွား
ပါသည်။ သို့သော် ကျန်နေသော အလယ်
ပိုင်းကျောက်သားများကို ဖယ်ထုတ်ဖို့
ကြိုးစားရာ ဘယ်လိုမှ လုပ်လို့ မရဖြစ်နေသည်။

ထိုသို့ထူးခြားမှုများ ကြုံတွေ့နေစဉ်
ဥပုသ်နေ့တစ်နေ့၏ ညနေစောင်းပိုင်းမှာ
ဆရာတော်သည် ခေတ္တကျိန်း စက်ရင်း
အိပ်ပျော်သွားစဉ် အင်းပက်လက်ကန်ကို
စောင့်ရှောက်နေသည်ဆိုသော နဂါးမောင်နှမ
က ဆရာတော်ထံ အိပ်မက်ပေးလာပါသည်။

ကန်၏ အထက်ပိုင်းတွင် ရှိနေသော
တပ်လိုင်းခန်းများနှင့် သားဖွားခန်းမှ
ထွက်လာသော အညစ် အကြေးများ
အင်းပက်လက်ကန်တွင်းသို့ ဝင်ရောက်
နေကြောင်း နှင့် ထိုအနံ့အသက်များကို
မခံလိုသဖြင့် အင်း ပက်လက်ကန်တွင်
မနေလိုတော့ဘဲ ရွှေဥမှင်ဂူထဲတွင်
နေခွင့်ပြုဖို့ နဂါးမောင်နှမက အိပ်မက်ပေး
လျှောက်ထားလာပါသည်။

ထို့ကြောင့် ဆရာတော်က နဂါး မောင်နှမ
အတွက် နေရာပေးဖို့ရည်ရွယ်ကာ ဂူဝမှ
ဖယ်ရှားလို့မရသော ကျောက် တုံးကြီးကို
ထွင်းထုပြီး နဂါးရုံဘုရား အဖြစ် တည်ထား
လိုက်ပါသည်။ ထို့ကြောင့် ကလော ရွှေဥမှင်
ဂူဘုရားသို့ ရောက်ရှိလျှင် ဂူအဝင်ဝ၌
ကျောက်တုံးပေါ်တွင် ထွင်းထုထားသော
နဂါးရုံဘုရားကို ဖူးတွေ့နိုင်ပါသည်။ ထို့ပြင်
မကြာသေးမီက တည်ထားသော နဂါးရုံဘုရား
များကိုလည်း ဂူပြင်ပ အရှေ့ဘက် ကုန်းပေါ်
တွင် ဖူးမြှော်နိုင်ကြပါသည်။

ကလောရွှေဥမှင်ဂူဘုရားတွင်
ပြုလုပ်သော နှစ်စဉ်ဘုရားပွဲသည်လည်း
လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာ ကတည်းက
ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း
ကိုလိုနီခေတ်ဦး ၁၈၉၇ ခုနှစ်က ရေးသားခဲ့
သည့် မှတ်တမ်းအရ သိရှိရပါသည်။

ထို့ကြောင့် ရွှေဥမှင် ဂူဘုရားအနီးရှိ
ဓနုလူမျိုးများ နေထိုင်သည့် ဘန့်ဘာရွာသား
များသည် ရွှေဥမှင်ဂူဘုရားကို ရှေးယခင်ကတည်းက အစဉ်အဆက် ထိန်းသိမ်း
စောင့်ရှောက်ခဲ့ကြသူများ ဖြစ်ပါသည်။

ကိုလိုနီခေတ်အတွင်း ကလောမြို့ကို
တည်ထောင်သောအခါ မြို့ကွက်အတွင်း
ကျရောက်နေသော ဘန့်ဘာရွာကို ပြောင်းရွှေ့
ပေးဖို့ ဗြိတိသျှ အစိုးရ တာဝန် ရှိသူများက
အမိန့်ပေး တောင်းဆိုသောအခါ ရွာသူ
ရွာသားများက ငြင်းပယ်ခဲ့ပါသည်။

ထိုစဉ်က ရွာသူရွာသားများ ပြောခဲ့သည်မှာ
ဂူကြီးကို ရွှေ့ပေးမှ သူတို့လည်း ဂူနှင့် အတူ
အခြား နေရာသို့‌ ရွှေ့ပြောင်းပေးမည်
ဖြစ်ကြောင်း ပြောဆိုခဲ့ကြခြင်း ဖြစ်ပါသည်။

အစဉ်အလာ ယုံကြည်ချက်အရ
သီရီဓမ္မာသောကမင်းက စတင်တည်ထား
ခဲ့သည့် ကလောရွှေဥမှင် ဂူဘုရားသည်
ပုဂံခေတ်၊ အင်းဝခေတ်၊ ညောင်ရမ်းခေတ်
နှင့် ကုန်းဘောင်ခေတ်များအထိ
ဗုဒ္ဓဘာသာဝင် ဘိုးဘေးတို့က အစဉ် အဆက်
တိုးချဲ့တည်ဆောက်ရင်း ထိန်းသိမ်း
စောင့်ရှောက်ခဲ့သည့် စေတီဘုရားများ
ဖြစ်ကြပါသည်။

ယခုချိန်ထိ ရှေးမူ မပျက် ပြင်ဆင်ထားသော
စေတီတော်၏ လက်ရာများကလည်း
ထိုအချက်မှန်ကန်ကြောင်း ရည်ညွှန်းပြဆို
လျက် ရှိပါသည်။

ခင်မောင်တင့်(ကလော)

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်

12/05/2026
ပို့လိုက်တဲ့ စာတွေ ရောက်ရဲ့လားစာမျှော်ရတာ မောတယ်....💌💌✉️✉️💌💌 #ကလောစာတိုက်သက်တမ်းဘယ်လောက်ရှိပြီလဲ။ ကလောမြို့၏ စျေးအနီးရှိ...
12/05/2026

ပို့လိုက်တဲ့ စာတွေ ရောက်ရဲ့လား
စာမျှော်ရတာ မောတယ်....
💌💌✉️✉️💌💌

#ကလောစာတိုက်
သက်တမ်းဘယ်လောက်ရှိပြီလဲ။

ကလောမြို့၏ စျေးအနီးရှိ မြို့လယ်ညောင်ပင်မှ မင်းလမ်းအတိုင်း တောင်ဘက်သို့သွားပါက လမ်းညာဘက်ရှိ ဆိုင်တန်းများ၏ ကြား၊ ကလောမြို့နယ် ပညာရေးမှူးရုံးနှင့် မျက်နှာချင်းဆိုင်တွင် ကလောစာတိုက်ဟောင်းကို တွေ့မြင်နိုင်ပါသည်။

၁၉၈၀ ခုနှစ် ပြည့်လွန်နှစ်များအထိတော့ ဤစာတိုက်လေးသည် ကလောမြို့သူ မြို့သားများအတွက် မရှိမဖြစ် အရေးကြီးသော နေရာဌာနလေး တစ်ခုဖြစ်ခဲ့ဖူးပါသည်။ ယခုခေတ်လို ဆက်သွယ်ရေးများ မလွယ်ကူသေးသောခေတ် တွင် ထိုစာတိုက်လေးသည် ရပ်ဝေးမှ ဆွေမျိုးသားချင်းနှင့် မိတ်ဆွေသူငယ်ချင်းများ နှင့် ဆက်သွယ်ဖို့အတွက် အရေး ပါလှသဖြင့် လူတွေ မပြတ်ဝင်ထွက်သွားလာရာ နေရာလေးတစ်ခုဖြစ်ခဲ့ပါသည်။

ထိုစဉ်ကာလက တယ်လီဖုန်းဆက် သွယ်ရေးသည် အများစုအတွက် လက်လှမ်းမမီသေးသော ဆက်သွယ်ရေးစနစ်ဖြစ်သောကြောင့် စာရေးကာ ဆက်သွယ်ခြင်းသည်သာ အများစု၏ ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်ခဲ့ပါသည်။ ထို့ကြောင့် စာတိုက်သည် လူတိုင်းနီးပါးနှင့် မကင်းနိုင်သော အရာဖြစ်ခဲ့ပါသည်။

စာတိုက်သို့သွားပြီး တံဆိပ်ခေါင်းကပ်ပြီးသား ရိုးရိုးစာထည့်လိုလျှင် စာတိုက်ပုံးထဲ ထည့်လိုက်ရုံသာ ဖြစ်ပါ သည်။ တံဆိပ်ခေါင်းမပါလျှင် ၁၅ ပြားတန် တံဆိပ်ခေါင်းကို ထိုနေရာတွင်ပင် ဝယ်ယူပြီး စာအိပ်တွင်ကပ်ကာ စာတိုက် ပုံးထဲထည့်လိုက်လျှင် အချိန်တန်လျှင် မိမိပို့လိုသော နေရာသို့စာရောက်သွားပေလိမ့်မည်။ ထိုခေတ်ကာလတုန်းက ချင်းတိုင်းရင်းသားပုံပါသော အစိမ်းရောင် ၁၅ ပြားတန်တံဆိပ်ခေါင်းသည် အများဆုံးသုံးခဲ့သည့် တံဆိပ်ခေါင်း တစ် ခုအဖြစ်မှတ်မိနေခဲ့ပါသည်။ ၂၀ ပြားတန်တံဆိပ်ခေါင်း ၅၀ ပြားတန်တံဆိပ်ခေါင်းတို့ ကိုလည်း သုံးခဲ့ကြပါသည်။

အရေး ကြီးသောစာများကိုတော့ မှတ်ပုံတင်စာ အဖြစ်ထည့်လေ့ရှိပြီး ခဏတာစောင့်ဖို့ လိုအပ်ပါသည်။ စျေးတော့ နည်းနည်း ပိုပေးရပါသည်။ စာတိုက်မှတဆင့် စာအုပ်များ၊ ပို့စကတ်များနှင့် ပါဆယ် ပစ္စည်းများလည်း ပို့လို့ရသဖြင့် စာတိုက်သည် ထိုခေတ်ထိုကာလအတွက် မရှိမဖြစ် ဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်ခဲ့ဖူးပါသည်။

ယခုခေတ်လို ပုဂ္ဂလိက ဘဏ်များ မထွန်းကားသေးသောကြောင့်လည်း ရပ်ဝေးသို့ ငွေလွဲဖို့အတွက် စာတိုက်မှ တဆင့် လွဲခဲ့ကြရပါသည်။ တကယ်တော့ ကလောစာတိုက်ဟု ခေါ်သော်လည်း စာတိုက်နှင့်ကြေးနန်းရုံး တွဲဖွင့်ထားခြင်း ဖြစ်ပါသည်။ ထိုကြောင့် ထိုခေတ် ထိုကာလတုန်းက အရေးကြီးသတင်းများ၊ စာမေးပွဲ အောင်စာရင်းများ စသည်တို့ကို ရပ်ဝေးသို့ အမြန်အကြောင်းကြားလိုလျှင် ကြေးနန်းပို့ပြီး အကြောင်းကြားဖို့ ဤစာတိုက်ကိုပဲ လာကြရပါသည်။

ရပ်ဝေးမှလာသောစာများကိုတော့ စာပို့လုလင်က အိမ်တိုင်ယာရောက်လိုက်ပို့သဖြင့် စာပို့သမားလာလျှင် မိမိစာများ ပါ လေမလားလို့ မျှော်လင့်ခဲ့ရသော ခေတ်ကာလ ရှိခဲ့ဖူးပါသည်။ အိမ်ရှေ့သို့လာပြီး ကြေးနန်း ကြေးနန်းဟု အော်ကာ ကြေးနန်းပို့သူလာလျှင်လည်း ဘာအကြောင်းကိစ္စပါလိမ့်ဟု ရင်ထိတ်ခဲ့ဖူးသူများလည်း ထိုစဉ်ကာလက ကြုံခဲ့ဖူးကြပါလိမ့်မည်။

ယခုထိစာတိုက်လုပ်ငန်း ရှိနေသေးသော်လည်း ခေတ်ကာလအခြေအနေအရ စာတိုက်သည် လူထု၏ ဆက် သွယ်ရေးလုပ်ငန်းတွင် အရေးကြီးသောနေရာမှ လျှောကျခဲ့ပြီဖြစ်ပါသည်။ ကလောစာတိုက်ရုံးသည် ယခုအခါ ပြည် ထောင်စုလမ်းမှနှင့် သိမ်တောင်ကျောင်းတက်ရာ လမ်းဆုံသို့ ပြောင်းရွှေ့သွားပြီ ဖြစ်သောကြောင့် ကိုလိုနီခေတ်က တည်ဆောက်ခဲ့သော ဤစာတိုက်လေးသည် တချိန်တုန်းက တည်ရှိခဲ့ဖူးသည့် လှုပ်ရှားသက်ဝင်မှုများ ကင်းမဲ့စွာဖြင့် မူလနေရာဟောင်းမှာ ကျန်ရစ် နေခဲ့ပါလေသည်။

ကလောစာတိုက်၏ သက်တမ်းမည်မျှရှိပြီးသနည်းဟု စာတိုက်ကြေးနန်း ဆက်သွယ်ရေးမှ အသိမိတ်ဆွေများ ကိုမေးမြန်းဖူးသော်လည်း မည်သူမှ မသိကြပါ။ ထိုကြောင့် စာတိုက်သည် နှစ်ပေါင်းအတော်ကြာခဲ့ပြီဟု ခန့်မှန်းနိုင် သော်လည်း နှစ်ပေါင်း တစ်ရာပြည့်ခဲ့ပြီးလားဆိုတာက မသေမချာဖြစ်နေပါသည်။ အချို့က ကိုလိုနီခေတ်မှာ ဆောက်ခဲ့ သည့် အဆောက်အဦးဆိုလျှင် နှစ်ပေါင်းရာကျော်ပြီ ထင်ကြပါသည်။ တကယ်တော့ ကိုလိုနီလက်အောက်မှ လွတ် မြောက်ခဲ့ တာပင် ၇၄ နှစ်ခန့်သာ ရှိသေးသောကြောင့် ကိုလိုနီခေတ် အဆောက်အအုံတိုင်းကတော့ နှစ်တစ်ရာ မကျော်သေးပါ။

ထို့ကြောင့် ကလောစာတိုက် ဖွင့်လှစ်ခဲ့သည့် သမိုင်းကြောင်းကိုသိဖို့ ဗြိတိသျှခေတ်မှတ်တမ်းများမှ တဆင့်ရှာ ဖွေခဲ့ရပါသည်။ ကလောစာတိုက်အကြောင်းရှာဖွေရင်း မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ စာတိုက်များအ ကြောင်းကိုလည်း အလျဉ်းသင့်သောကြောင့် ဖော်ပြလိုပါသည်။

မြန်မာနိုင်ငံတွင် စာပို့လုပ်ငန်းကို ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲပြီးကတည်းက သိမ်းပိုက်ခံ ရခိုင်နှင့် တနင်္သာရီ နယ်များတွင် စတင်ခဲ့ပါသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲပြီးခါနီး ၁၈၅၂ ခု၊ စက် တင်ဘာလ ၃ ရက်နေ့တွင် မစ္စတာကရစ်ကို ရန်ကုန်စာတိုက်ဗိုလ် အဖြစ်ခန့်အပ်ကာ ရန်ကုန်စာတိုက်ကြီးကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုစဉ်က ယခုတည်ရှိရာ ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်တွင် မဟုတ်သေးပါ။

၁၈၈၁-၈၂ ခုနှစ်တွင် သိမ်းပိုက်ခံ အောက်မြန်မာနိုင်ငံနှင့် ရခိုင် တနင်္သာရီတို့တွင် စာတိုက်ပေါင်း ၅၅ တိုက် ဖွင့်လှစ်ခဲ့ပြီ ဖြစ်ပါသည်။ ထိုကာလတွင် မြန်မာဘုရင် အုပ်ချုပ်နေသော အထက်မြန်မာနိုင်ငံတွင် ကြေးနန်းလုပ်ငန်းများ စတင်နေပြီ ဖြစ်သော်လည်း အများပြည်သူသုံး လုပ်ငန်းအဖြစ်တော့ မဆောင်ရွက်နိုင်ခဲ့ပါ။

ဗြိတိသျှတို့ အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် စာတိုက်များကို ထပ်မံတိုးချဲ့ ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၀၃-၀၄ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ပြီးသော စာတိုက်ပေါင်း ၃၉၉ တိုက်အထိ ရှိလာခဲ့ပါသည်။ စာတိုက်များ တိုးချဲ့ဖွင့်လှစ်လာနိုင်သည်နှင့် အမျှ စာတိုက်ဌာနမှ လက်ခံကာ ပို့ဆောင်ပေးခဲ့သော စာများ၊ ပို့စ်ကဒ်များ၊ ပါဆယ်ထုပ် များ၊ စာအုပ်ထုပ်များ၊ သတင်းစာထုပ်များလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်လာခဲ့သည်။

၁၉၀၃ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝှမ်း စာတိုက်အမှုထမ်းပေါင်း ၁၅၉၂ ယောက်ရှိလာပြီ ဖြစ်သည်။ ယင်းတို့ တွင် ကျေးလက်စာတိုက်နှင့် အမှုထမ်းများ မပါဝင်ပါ။ ရှမ်းပြည်နယ်မှာတော့ စာတိုက်လုပ်ငန်းသည် ပြည်မဒေသထက် နောက်ကျပါသည်။

ထိုခေတ်ထိုကာလ အချိန် တုန်းကတော့ စာတိုက်နှင့်ကြေးနန်းသည် ရှမ်းပြည်နေ တိုင်းရင်းသားများအတွက် အစိမ်းသက်သက် ဖြစ်ပါသည်။ ကလောတွင် စာတိုက်မဖွင့်ခင်က သာမိုင်းခမ်းရှိ တူရကီ စစ်အကျဉ်းစခန်းတွင် ယာယီ စာတိုက်တစ်တိုက်ကို ၁၉၁၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ ဤနှစ်ထဲမှာပင် ညောင်ရွှေတွင် စာတိုက်တစ်တိုက် စမ်း သပ်ဖွင့်လှစ်ခဲ့ပါသည်။

ကလောစာတိုက် နှင့် ကြေးနန်းရုံးကိုတော့ ၁၉၁၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ မြို့တည်ထောင်ပြီး ၄ နှစ်အကြာမှ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ အုပ်ချုပ်သူ ဗြိတိသျှလူမျိုးများ အတွက်ကတော့ ကလောမြို့ကို တောင်စခန်း မြို့အဖြစ် သတ်မှတ်ထားသောကြောင့်လည်းကောင်း၊ အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးရုံး ဖွင့်လှစ်ထားသည့် မြို့သစ်လေး ဖြစ်သောကြောင့်လည်းကောင်း စာတိုက်သည် မရှိဖြစ်လိုအပ်သဖြင့် အရေးကြီးသောဌာန တစ်ခုအဖြစ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ကလောစာတိုက်နှင့် ကြေးနန်းရုံး၏ သက်တမ်းသည် ၂၀၂၂ ခုနှစ်ဆိုလျှင် ၁၀၄ နှစ် ရှိခဲ့ပြီဖြစ်ပါ သည်။ နှစ် ၁၀၀ ကျော်လျှင် ရှေးဟောင်း အဆောက်အဉီးအဖြစ် သတ်မှတ်ထားသောကြောင့် ကလောစာတိုက်သည် ၂၀၁၈ ခုနှစ်ကတည်းက ရှေးဟောင်းစာရင်းဝင် ဖြစ်ခဲ့ပြီ ဖြစ်ပါသည်။

ခင်မောင်တင့် (ကလော)

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(၂၁) ရက်

Credit: U Khinmaung Tint

ဓနုဒေသမှ ရှေးမြို့ဟောင်းသို့မဟုတ် ဆည်ရွာမြို့ဟောင်းကို လေ့လာခြင်း  သမိုင်းတွေကို သေချာ စူးစမ်းလေ့လာမှု  မပြုခင်က စာရေးသူ...
11/05/2026

ဓနုဒေသမှ ရှေးမြို့ဟောင်း

သို့မဟုတ် ဆည်ရွာမြို့ဟောင်းကို လေ့လာခြင်း

သမိုင်းတွေကို သေချာ စူးစမ်းလေ့လာမှု
မပြုခင်က စာရေးသူရဲ့ မွေးရပ်မြေဖြစ်တဲ့
ရှမ်းပြည် မြေလပ်ဒေသမှာ ရှေးမြို့ရိုးဟောင်း
တွေ ရှိနေတာကို မသိခဲ့ပါဘူး။ ရှိနေမယ်
လို့လည်း မထင်မိခဲ့ပါဘူး။

ဒါပေမဲ့ သမိုင်းရှိရာ နေရာတွေကို
လိုက်လံရှာဖွေတဲ့ အခါမှာတော့ အရင်က
စိတ်ကူးထဲမှာတောင် မတွေးခဲ့ဖူးတဲ့ ရှေးမြို့ဟောင်းတွေကို တွေ့လာခဲ့ရပါတယ်။

တကယ်တော့ ဓနုလူမျိုးတို့ နေထိုင်ရာ
မြေလပ်ဒေသမှာ ရှေးမြို့ဟောင်းတွေဟာ
ထင်ထားတာထက် ပိုပြီး အများအပြား
ရှိနေခဲ့ ပါတယ်။

လက်ရှိ သိထားသမျှ ရွာငံမြို့နယ်ထဲမှာ
ရှေးမြို့ဟောင်း ၂ နေရာ နဲ့ ပင်းတယ မြို့နယ်
ထဲမှာ ၄ နေရာ တွေ့ရှိ ထားပါတယ်။
ရွာငံမြို့နယ်ထဲက မြို့ဟောင်းတွေကတော့
ရွာငံမြို့ဟောင်းနဲ့ မြို့ကြီးအနီးက ဆည်ရွာ
မြို့ဟောင်းတွေ ဖြစ်ပါတယ်။

ပင်းတယမြို့နယ် အတွင်းက မြို့ဟောင်း
တွေကတော့ ပင်းတယမြို့နယ်ရဲ့ တောင်
ဘက်အစွန်က ကျုံးရွာအနီးမှာ ရှိတဲ့
ကျုံးမြို့ဟောင်း နဲ့ ပင်းတယမြို့ရဲ့
မြောက်ဘက်မှာ ရှိတဲ့ တံတားကြီးမြို့ဟောင်း၊
အင်လုံမြို့ဟောင်းနဲ့ မိုင်းအင်းမြို့ဟောင်းတို့
ဖြစ်ကြပါတယ်။

အဲဒီမြို့ဟောင်းတွေ အကြောင်း အကျဉ်းချုပ်
ကိုတော့ ဓနုအမျိုးသား သမိုင်း(ပထမတွဲ) မှာ
ရေးသားဖော်ပြ ထားပါတယ်။

ဒီပို့်စ်မှာတော့ မြို့ဟောင်းတွေအနက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ မြို့ဟောင်းတစ်ခု
ဖြစ်တဲ့ ရွာငံမြို့နယ် မြို့ကြီး အနီးက
ဆည်ရွာမြို့ဟောင်း အကြောင်းကို
ရောက်ရှိလေ့လာသိရှိ ခဲ့သမျှ တင်ပြပါမယ်။

စာရေးသူအနေနဲ့ ဓနုသမိုင်း လေ့လာရေးအဖွဲ့
နဲ့အတူ ဆည်ရွာမြို့ဟောင်းကို ရောက်ရှိ
လေ့လာခဲ့တဲ့ အချိန်ဟာ နာရီပိုင်းမျှသာ
ကြာတာမို့ လေ့လာ မှုကတော့ ပြည့်စုံမှု ရှိမှာ
မဟုတ်ပါဘူး။ ဒါပေမဲ့ အရင်က မသိခဲ့တဲ့
ရှေးမြို့ဟောင်း သမိုင်းကိုတော့ သိတန်
သလောက် သိရှိခဲ့ပါတယ်။

၂၀၂၄ ဇန်နဝါရီ လဆန်းမှာ ရွာငံမြို့ဟောင်း
ကို မနက်ပိုင်းမှာ လေ့လာပြီးတော့
မြို့ကြီးဘက်ကို ဆက်ဆင်းခဲ့ ပါတယ်။
မြို့ကြီးကနေ ရွာငံက တောက်လျှောက်
အဆင်းလမ်းပါ။ မြို့နယ် တစ်ခုထဲပေမဲ့
မြို့နှစ်မြို့ရဲ့ အမြင့်က အတော်လေး
ကွာခြားပါတယ်။

လမ်းတလျှောက် ရှုခင်းတွေကလည်း
သာယာလှပါတယ်။ မြို့ကြီးကို ကျော်ပြီး
ဆက်သွားရင် တော့ ကျောက်ဆည်ကို
ရောက်သွားမှာ ဖြစ်ပါတယ်။

မြို့ကြီးကို ရောက်တော့ မြို့ထဲဘက်
မဝင်တော့ဘဲ မြို့ကြီးဆည်ဘေးကနေ
ဆည်ရွာဘက်ကို သွားပါတယ်။ ဆည်ရွာ
ရောက်တော့ နေ့လယ် ၁၁ နာရီခွဲခါနီးပါပြီ။
မြို့ဟောင်းကို လိုက်ပို့ပေးမယ့် ဒေသခံကို
စောင့်ရင်း ဘုန်းကြီး ကျောင်းဘေးက
ဇော်ဂျီမြစ်ထဲမှာ ကျွန်တော်တို့ အဖွဲ့ဝင်တွေ
ရေဆင်းချိုးကြပါသေးတယ်။

ဒီက ဇော်ဂျီမြစ်က မြို့ကြီး ဆည်ဘက်ကနေ
စီးဆင်းလာတဲ့ ဇော်ဂျီမြစ် ဖြစ်ပါတယ်။
ရေကတော့ အေးမြကြည်လင်နေပါတယ်။
မြစ်က သိပ်တော့ မကြီးလှပါဘူး။

ကျွန်တော်တို့ ရောက်တဲ့နေ့မှာ ဘုန်းကြီး
ကျောင်းမှာ အလှူတစ်ခု ရှိနေတာနဲ့
ကျွန်တော်တို့အဖွဲ့ကိုလည်း ထမင်းဖိတ်ကျွေးလို့
အဲဒီမှာပဲ နေ့လယ်စာ စားခဲ့ကြပါတယ်။

တစ်နာရီထိုးခါနီးမှာ မြို့ဟောင်းလိုက်ပို့
ပေးမဲ့ ဒေသခံရောက်လာလို့ ကားနဲ့ မြို့ဟောင်း
ဆီ သွားကြပါတယ်။ မွန်းလွဲ တစ်နာရီရှိပြီ
ဖြစ်ပေမဲ့ ဆောင်းရာသီမို့ အပူတော့
သိပ်မပြင်းလှပါ။

ဒါပေမဲ့ မြို့ဟောင်းနေရာက ပင်လယ်ရေ မျက်နှာပြင် အမြင့် ၄၆၀ ပေ သာရှိတာမို့
ပြည်မက အပူချိန်အတိုင်းဖြစ်ပြီး တောင်ပေါ်
ထက်ပိုပူပါတယ်။ မြို့ကြီးရော ဆည်ရွာရော
ဓနုလူမျိုးတွေ နေထိုင်တဲ့ ရွာတွေဖြစ်ပါတယ်။

မြေလပ်ဒေသ မြို့ဟောင်းတွေထဲမှာ
တော့ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ
အနိမ့်ဆုံးဖြစ်ပါတယ်။ မြို့ ဟောင်း
တည်နေရာက မြို့ကြီးကျေးရွာရဲ့ မြောက်
ဘက်၊ ဆည်ရွာရဲ့ အနောက်ဘက်
(မြောက်ယွန်းယွန်း) မှာ တည်ရှိ နေပါတယ်။

မြို့ဟောင်းနေရာကနေ ကြည့်ရင်တော့
လက်ရှိမြို့ဟောင်းရဲ့ အရှေ့ဘက်မှာ
မြို့ကြီးဆည် နဲ့ ဆည်ရွာတို့ တည်ရှိပြီး မြောက်
ဘက်မှာ ကျွန်းကြီးရွာ တည်ရှိနေပါတယ်။
ကျွန်းကြီးရွာ ဆိုတာက ဇော်ဂျီဆည်
မတည် ဆောက်မီက ဆည်ရေဝပ်နေရာမှာ
ရှိခဲ့လို့ ဆည်ဆောက်တဲ့ အချိန်မှာ လက်ရှိ
နေရာကို ပြောင်းရွှေ့တည်ထားခဲ့တာ
ဖြစ်ပါတယ်။

မြို့ဟောင်းရဲ့ တောင်ဘက်မှာ မြို့ကြီးဆည်
ကနေ စီးဆင်းလာတဲ့ ဇော်ဂျီ မြစ် တည်ရှိ
နေပါတယ်၊၊ လက်ရှိ ဇော်ဂျီမြစ်က မြို့ဟောင်း
နဲ့ မလှမ်းမကမ်းမှာ ရှိနေတာဖြစ်ပေမဲ့
ရှေးတုန်းကတော့ မြို့ဟောင်းရဲ့ တောင်ဘက်
မှာ နီးကပ်စွာ စီးဆင်းခဲ့ကြောင်း ဒေသခံ
အချို့က ပြောပါတယ်။

ကျွန်တော်တို့ အနီးဆုံးကားလမ်းကနေ
မြို့ဟောင်းမြို့ရိုးဆီသွားတော့ မြို့ရိုးရဲ့
အရှေ့တောင်ထောင့် ကို ရောက်သွားပါတယ်။

မြို့ရိုးကုန်းမို့မို့ကတော့ ထင်ထင်ရှားရှား
ရှိနေတုန်းပါ။ မြို့ရိုးရဲ့ အောက်ခံ ဖောင်ဒေးရှင်း
ကတော့ ကျောက်တုံးတွေနဲ့ ပြုလုပ်ထားတာ
ဖြစ်ပါတယ်။ အပေါ်မှာ အုတ်ခဲကျိုး အချို့
ကိုလည်း တွေ့ရပါတယ်။ ကျွန်တော် တို့က
အရှေ့ဘက်မြို့ရိုးကနေ စပြီး မြို့ရိုးတစ်ပတ် လမ်းလျှောက်ပြီး လေ့လာကြပါတယ်။

မြို့ရိုးရဲ့ အတွင်းပိုင်းမှာတော့ စိုက်ခင်းတွေ
စိုက်ထားတာတွေ့နေရပါတယ်။ မြို့ရိုး နေရာ
တလျှောက်မှာ မြို့ရိုးအောက်ခံကျောက်တုံး
တွေကို တွေ့နေရပြီး အချို့နေရာမှာတော့
ကျောက်တုံး တွေကို စုပုံထားတာ တွေ့နေ
ရပါတယ်။ လိုက်ပို့သူ ဒေသခံပြောပြချက်
အရ လွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော်
(၁၉၈၈ မတိုင်မီ) အထိ အောက်ခံ ကျောက်
တုံး ဖောင်ဒေးရှင်းရဲ့ အပေါ်မှာ အုတ်မြို့ရိုးတည်ထားတဲ့ အုတ်လွှာတွေ ၄ လွှာ ၅ လွှာ
အထိ ရှိနေကြောင်း သိရပါတယ်။

ဒါကြောင့် ဒီမြို့ဟောင်းဟာ အောက်ခံ
ကျောက်သားနဲ့ တည်ထားတဲ့ အုတ်မြို့ရိုး ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမဲ့
အခုချိန်မှာတော့ အုတ်မြို့ရိုးလို့ ဆိုနိုင်တဲ့
အထောက်အထား လုံးဝ မတွေ့နိုင်တော့ပါဘူး။

အကြောင်းကတော့ နောက်ပိုင်းမှာ အနီး
ဝန်းကျင်က စီးပွားရေးသမားနဲ့ ဒေသခံ
အချို့က မြို့ရိုးက အုတ်တွေ ကျောက်တွေ
ကို အတားအဆီး မရှိ ထော်လာဂျီတွေနဲ့
သယ်ထုတ်သွားကြလို့ ဖြစ်ပါတယ်။
နှမြောစရာ ကောင်းလှပါတယ်။

ဒီမြို့ဟောင်းကြီးဟာ လွတ်လပ်ရေး ရပြီးစ
အချိန်ကလောက်ဆိုရင် မြို့ရိုးပုံစံ အတော်လေး
ပီပီပြင် ပြင်ကျန်နေအုံးမယ်လို့ ယူဆရပါတယ်။
ဒါပေမဲ့ ဒီမြို့ဟောင်းကြီးဟာ သက်ဆိုင်ရာ
အဖွဲ့အစည်းတွေရဲ့ စောင့် ရှောက်မှုကို
ဘယ်တုန်းကမှ ခံစားရခြင်း ရှိပုံ မရပါဘူး။

ပြီးတော့ ဒီနေရာက ရှမ်းပြည်နယ်အစွန်ဆုံး
မန္တလေးတိုင်းနယ်စပ် အနီးမှာ ဖြစ်ပါတယ်။
ဟိုအရင်က ဆိုရင် မန္တလေးကပဲ ဖြစ်ဖြစ်
ရှမ်းပြည်ကပဲ ဖြစ်ဖြစ် ဒီနေရာလာဖို့
မလွယ်ပါဘူး။

မြို့ဟောင်းရဲ့ တည်နေရာက ရှမ်းပြည်နယ်ထဲ
က ရွာငံမြို့နယ်ထဲ ရောက်နေတော့ မန္တလေး
တိုင်း ရှေးသုနဲ့ လည်း အလှမ်းဝေးခဲ့ပုံရပါတယ်။ ရှမ်းပြည်နယ် ရှေးသုနဲ့လည်း နီးစပ်ဟန်
မရှိခဲ့ပါဘူး။

ဒါကြောင့်လည်း ခေတ်အဆက်ဆက်
သိုက်တူးသမားတွေ ရှေးဟောင်းပစ္စည်းရှာတဲ့
သူတွေပဲ အဓိက ရောက်ရှိခဲ့တဲ့ နေရာ
ဖြစ်ခဲ့ပါတယ်။

ထူးခြားချက်လို့ ပြောလို့ရတာကမြို့ရိုး
လေးဘက်မှာ ဆီအိုးကြီးတွေ မြုပ်ထားကြောင်း
ဒေသခံတွေ က အစဉ်အဆက်ပြောခဲ့ကြခြင်း
ဖြစ်ပါတယ်၊၊
ဟိုးအရင်တုန်းကတော့
မြို့ဟောင်းအတွင်းမှာ မြေဆေးအိုးတံတွေ ၊ အိုးခြမ်းကွဲတွေ နဲ့ ပုတီးစေ့တွေကို မကြာခဏ
တွေ့ခဲ့ဖူးပါတယ်။ မြို့ဟောင်းရှိရာသို့
လူမျိုးစုံ အဖွဲ့အစည်း မျိုးစုံတွေလည်း
လာရောက်လေ့လာဖူးကြောင်း ဒေသခံက
ပြောပြပါတယ်။

ဒီလို ရောက်လာသူတွေထဲမှာ မြို့ဟောင်း
ကို မှတ်တမ်းတင်ဖို့ လေ့လာချင်သူတွေထက်
ရှေးဟောင်း ပစ္စည်း လိုချင်လို့ လာသူက
ပိုများမယ်လို့ ထင်မိပါတယ်။ အမှန်တကယ်
လည်း ရှေးဟောင်းပစ္စည်းရှာဖွေသူတွေ
ကြောင့် အခုဆို မြို့ဟောင်းထဲမှာ ရှေးဟောင်းပစ္စည်းနဲ့ ပတ်သက်တဲ့
အမှတ်အသား လက္ခဏာ ဘာမှ မကျန်တော့သလောက် ဖြစ်သွားပါပြီ။

သတ္တုရှာစက်တွေ ယူလာပြီးတော့တောင်
ရှေးဟောင်း ပစ္စည်းတွေကို လွတ်လွတ်လပ်
လာရှာခဲ့ကြ ကြောင်းလည်း ဒေသခံတွေက
ပြောပြပါတယ်။ ဘာပစ္စည်းတွေ ရသွားလည်းကတော့ ပစ္စည်းလာတူးသူက လွဲလို့ ဘယ်သူမှ
မသိနိုင်ခဲ့ပါဘူး။

ရှေးဟောင်းပစ္စည်းတွေကုန်တော့ မြို့ရိုး အမှတ်အသားတွေဖြစ်တဲ့ ကျောက်‌တုံးနဲ့
အုတ်ခဲတွေကို ရသလောက် သယ်ထုတ်ကြ
ပြန်တယ်။ အခုတော့ ရှေးဟောင်းမြို့
ရှိခဲ့ဖူးတယ် ဆိုတဲ့ အမှတ်အသားလေး
နည်းနည်းလောက်ပဲ ကျန်ပါတော့တယ်။
ဒါကြောင့်လည်း အုတ်ခဲအကောင်း တစ်လုံး
တစ်လေမှတောင် မတွေ့ရတော့ပါဘူး။

တွေ့ရတဲ့ အုတ်ခဲကျိုးတွေကို တိုင်းတာကြည့်
တော့ အနံ ၂၀ စင်တီမီတာကျော် (၈ လက်မ)
ရှိပြီး အထူက ၆ စင်တီမီတာ (၂.၄ လက်မ)
ရှိပါတယ်။ အလျားကတော့ ၁၆ လက်မလို့
ယူဆရ ပါတယ်။



ရှေးဟောင်းသမိုင်းနှင့် ဆက်စပ်ကြည့်ခြင်း

မြန်မာ့သမိုင်းမှတ်တမ်း တစ်ခုမှာတော့
သက္ကရာဇ် ၄၅၀ ခု (အေဒီ ၁၀၈၈) မှာ
အလောင်းစည်သူမင်း ကြီးဟာ ရှမ်းပြည်
ယွန်းပြည်(ဇင်းမယ်) တို့ကို သိမ်းပိုက်ပြီး
နောက် အပြန်မှာ ဟဲလဲနဲလေ လေည် အရပ်
မှာ နေထိုင်ကြတဲ့ ရှမ်းဓနု (ရှမ်းတို့နှင့်နေသော
ဓနုလူမျိုး) အစု ၄၀ ကို သိမ်းရုန်း ခေါ်ဆောင်
လာပြီး ဇော်ဂျီမြစ်ဘေး မှာ မြို့သစ်ကို
တည်ပေးခဲ့ကြောင်း၊ အကြီးအကဲဖြစ်တဲ့
ကိုးသိန်းရှင်ကို အုပ်ချုပ်ရေး အကြီးအမှူး
အဖြစ်ခန့်အပ်ကာ ဘော်ငွေချက်လုပ်တဲ့
လုပ်ငန်းကို လုပ်ကိုင်စေခဲ့ပါတယ်။

ဓနုလူမျိုး လူကြီး ၄၄ ဦးကို ရွေးချယ်ကာ ကြော့(သူကြီး) အဖြစ် ခန့်အပ်လို့
ကိုးသိန်းရှင်ကို ငွေခွန်မှူးအဖြစ် ခန့်အပ်ကာ
ဒေသကို အုပ် ချုပ်စေခဲ့ပါတယ်။
ဒါဟာ ဓနုဒေသ ဘော်နယ် (မြို့ကြီးနယ်) ရဲ့
သမိုင်းအစ ဖြစ်ပါတယ်။

မြို့ကြီးနယ်ဟာ လွတ်လပ်ရေး ရချိန်အထိ
သီးခြားနယ် အဖြစ် တည်ရှိခဲ့ပါတယ်။
စော်ဘွားစနစ် ဖျက်သိမ်းပြီးချိန်မှ ရွာငံနယ်
နဲ့ပေါင်းပြီး ရွာငံမြို့နယ်ထဲ ရောက်သွားတာ
ဖြစ်ပါတယ်။

ဒီရှေးသမိုင်းမှာ ပါတဲ့ ဘော်နယ်ရဲ့
မြို့သစ် ဆိုတာဟာ ယခု တွေ့နေရတဲ့
မြို့ဟောင်းဖြစ်ခဲ့ရင် ဒီမြို့ ဟောင်းဟာ
အလောင်းစည်သူမင်း လက်ထက် ကတည်းက တည်ခဲ့တဲ့ မြို့ဟောင်းလို့ ဆိုနိုင်ပါတယ်။

နောက်တစ်ခု ဖြစ်နိုင်တာက အနော်ရထာမင်း
လက်ထက်မှာ တည်ခဲ့တဲ့ ကင်းတပ် ၄၃ မြို့ထဲ
မှာ ပါခဲ့တဲ့ မြို့ဖြစ်လေမလားလို့လည်း
အတွေးပွားမိပါတယ်။

အကျယ် အဝန်းအားဖြင့်လည်း
၅.၆ ဧက ခန့်သာရှိပြီး အရှေ့မြို့ရိုးနဲ့
အနောက်ဘက် မြို့ရိုးတွေရဲ့ အရှည်က
၄၆၀ ပေလောက်ပဲရှိပြီး တောင်ဘက်နဲ့
မြောက်ဘက် မြို့ရိုးတွေ ကတော့
ပေ ၅၀၀ ကျော် လောက်ပဲ ရှိပါတယ်။

ဒါဟာ ကင်းတပ်မြို့တစ်မြို့ရဲ့
အရွယ်အစားလောက်ပဲ ရှိပါတယ်။

တကယ်တော့ ကင်းတပ် ၄၃ မြို့ဟာ ဘယ်မြို့
တွေလဲဆိုတာကို သမိုင်းပညာရှင်တွေ
သတ်မှတ်ပြီး ဖြစ်ပေမဲ့ လက်ရှိ ရှမ်းပြည်နယ်
ထဲမှာ ပါဝင်နေတဲ့ ဒီမြို့ဟောင်းကိုတော့
ထိုစဉ်က မသိခဲ့လို့ ဖြစ်စေ နယ်မြေဒေသ
အရ ဖြစ်စေ ထည့်သွင်း မစဉ်းစားခဲ့တာ
လည်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဒီမြို့ဟောင်းဟာ ကျောက်ဆည်
လွင်ပြင်နဲ့ တဆက်တစပ်ထဲ တည်ရှိနေပြီး
ရှမ်းရိုးမတောင် ခြေနဲ့လည်း နီးနီးကပ်ကပ်
တည်ရှိနေတာမို့ အနော်ရထာခေတ်က
ကင်းတပ်မြို့ တည်နိုင်တဲ့ အခြေအနေမျိုးမှာ
ရှိနေပါတယ်။ ပြီးတော့ ရှားရှားပါးပါး
အုတ်မြို့ရိုးနဲ့တည်တဲ့ မြို့ဟောင်းလည်း
ဖြစ်ပါတယ်။

ဒါကြောင့် အနော်ရထာခေတ်က ကင်းတပ်မြို့
အဖြစ် တည်ခဲ့တဲ့ မြို့ဟောင်း ဖြစ်နိုင်မလား
လို့လည်း စဉ်းစားဖွယ် ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ရှေးကျလွန်းတယ်လို့
ယူဆနိုင်တဲ့ ဒီမြို့ဟောင်းရဲ့ အမှတ်အသား
ကိုတော့ သက် ဆိုင်ရာများအနေနဲ့ အမှတ်
အသားပြု ထိမ်းသိမ်းစေချင်ပါတယ်။

သေချာတာကတော့ ဒီမြို့ဟောင်းဟာ
မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ မြန်မာ့သမိုင်း
ထဲက ရှေးမြို့ဟောင်းတစ်ခု ဖြစ်နေခြင်းပဲ
ဖြစ်ပါတယ်။

(စာကြွင်း - ရှမ်းပြည် မြေလပ်ဒေသက
မြို့ဟောင်းအချို့ကိုတော့ မြို့ဟောင်း မုဆိုးကြီး
ကိုအောင်ထိုက် ရောက်ရှိ လေ့လာပြီးဖြစ်လို့
ထုတ်ဝေမဲ့ စာအုပ်ထဲမှာ ပါမယ်လို့ သိရပါတယ်။
ကိုအောင်ထိုက်ကတော့ တကယ် အချိန်ပေးပြီး စနစ်တကျလေ့လာသူဖြစ်လို့ သူ့ရဲ့ယူဆချက်နဲ့ အမြင်ကိုလည်း သိချင်ပါတယ်။
ကျွန်တော်ကတော့ အခြေအနေအရ အချိန်
မပေးနိုင်လို့ ခဏတာလေ့လာမှု အတွင်း
တွေ့ရှိသမျှ တင်ပြ ရတာဖြစ်လို့ လိုအပ်ချက်
များ ရှိနိုင်ပါကြောင်းကိုလည်း ဝန်ခံ
အသိပေးအပ်ပါတယ်။)



ခင်မောင်တင့်(ကလော)

၁၃၈၈ ခု ကဆုန်လပြည့်နေ့၊ ကြာသာပတေးနေ့

၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက်

ကလောရွာမှ ကလောမြို့ အဖြစ်သို့U Khinmaung Tint  ဗြိတိသျှတို့ မြန်မာဘုရင်သီပေါမင်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်နှစ်အကြာ...
11/05/2026

ကလောရွာမှ ကလောမြို့ အဖြစ်သို့

U Khinmaung Tint

ဗြိတိသျှတို့ မြန်မာဘုရင်သီပေါမင်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်နှစ်အကြာ ၁၈၈၇ ခုနှစ် နှစ်ဦးပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ချီတက်သိမ်းပိုက်ခဲ့ကြပါသည်။

ထိုကာလမှ ၃ နှစ်လွန်မြောက်ပြီးသည့် ၁၈၉၀ ခုနှစ်တွင် ဗြိတိသျှအုပ်ချုပ်ရေး အကြီးအကဲပါဝင်သော အဖွဲ့ တစ်ဖွဲ့သည် ရှမ်းစော်ဘွားများနှင့် တွေ့ဆုံဖို့ ရှမ်းပြည်နယ်သို့ မြင်းများစီးကာ တက်ရောက်လာ ကြပါသည်။ ထိုအဖွဲ့ တွင် ပါဝင်သော ဗြိတိသျှလူမျိုး အရာရှိတစ်ဦးသည် ရှမ်းကုန်းပြင်မြင့်၏ အလွန်တွင် ပထမဆုံးတွေ့မြင်ခွင့် ရခဲ့သော ပြစ်မျိုးမဲ့မထင် လှပနေသော ကလောရွာလေး တည်ရှိရာဒေသလေးကို အနာဂတ်တွင် ဗမာပြည်၏ တောင်စခန်းမြို့ ဖြစ်လာမည့် နေရာတစ်ခုအဖြစ် ပထမဆုံး ယုံကြည်ခဲ့သူဖြစ်ပါသည်။

ထိုစဉ်က ကလောရွာသည် ယခု ရပ်ကွက်(၇) ဖြစ်သည့် ကုန်းပေါ်အရပ်မှာ တည်ရှိခဲ့ပါသည်။ တောင်ထိပ်ပေါ် မှာတည်ရှိနေသော ကလောရွာလေးသည် အဝေးမှ ကြည့်လျှင် ထင်းရှူးပင်များ၏ အလယ်မှာ တည်ရှိနေသော အလွန် လှပသည့် တောင်ပေါ်ရွာလေးတစ်ရွာ ဖြစ်နေခဲ့ပါလိမ့်မည်။
ရွာအနီးဝန်းကျင် ပတ်ပတ်လည် တောင်ကုန်းတောင်တန်း များတွင်လည်း ထင်းရှူးတောအုပ်များ တည်ရှိနေသည်ဖြစ်ရာ ဤရွာ ဤဒေသသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်လာသော သူတို့အဖွဲ့အတွက် တမူထူးခြားသော အလှအပကို ခံစားနေရပါတော့သည်။

သူတို့အဖွဲ့ ရောက်လာသော အချိန်သည် နွေဦးရာသီကာလ ဖြစ်သောကြောင့် ဗမာပြည် မြေပြန့်ဒေသမှ တက်လာသော သူတို့အဖွဲ့အတွက် တောင်တန်းများ၏ အလွန်မှာ တည်ရှိနေသော ဤ‌‌ဒေသလေး၏ အေးမြသောရာ သီဥတုသည် လွန်စွာမှ နှစ်သက်ဖွယ်ကောင်းသလို အမြဲစိမ်းလန်းနေသော ထင်းရှူးတောများကြောင့် ထာဝရစိမ်းလန်း စိုပြေနေသော နေရာလေး၏ အလှအပသည် မြန်မာပြည်တဝှမ်းရောက်ရှိခဲ့သည့် ဒေသများထဲတွင် ဆွဲဆောင်မှု အရှိဆုံး မြင်ကွင်း ဖြစ်နေပါတော့သည်။

မြင့်မားသော တောတောင်အထပ်ထပ်ကို ဖြတ်ကျော်တက်လာသော သူတို့အဖွဲ့သည် ထင်းရူးရနဲ့သင်းပြန့် နေသောဤ‌ဒေသသို့ စတင်ချဉ်းနင်းဝင်ရောက်မိလျှင်ပင် လတ်ဆတ်သောလေနှင့် အတူ ပြည်မနှင့်ခြားနားလွန်းသည့် အေးမြသော ရာသီဥတုကို သေချာစွာ သိရှိခံစားလိုက်ကြရပါသည်။

သူတို့အဖွဲ့သည် ကလောရွာ၏ မြောက်ဘက်ဘေး မှဖြတ်ကျော်လာကြပြီး ရွာအလွန်မြေပြန့်လေး၏ မြောက်ဘက် အစွန်းမှ ဘုရားစေတီစုလေးဆီသို့
မမျှော်လင့်ဘဲ ရောက်ရှိသွားကြပါသည်။
(ထိုစဉ်က ယခု အောင်ချမ်းသာဘုရားဟု ခေါ်သော နေရာမှ စေတီစုများ၊ မြို့မကျောင်းရှိ စေတီစု
များနှင့် အောင်ခမ်းနောင် စေတီတို့သည် ယခုအခါ မတွေ့မြင်နိုင်တော့သော စေတီအချို့တို့နှင့် အတူ တစ်စု တစ်စည်းထဲ ဆက်စပ် တည်ရှိနေခဲ့ကြပါ သည်။)

စေတီ ကျောင်းကန် ဘုရားတို့ပေါများလှသော ဗမာပြည်မ မှတက်လာသော သူတို့အဖွဲ့ အတွက် ပေ ၄၀၀၀ ကျော်မြင့်မားသည့် ရှမ်းတောင်တန်းပေါ်မှာ ပထမဆုံးတွေ့မြင်ရသည့် စေတီ ကျောင်းကန် ဘုရားအစုအဝေးတို့သည် ဤဒေသ၏ အလှ တရားတို့ကို ပြီးပြည့်စုံအောင် ပုံဖော်ပေးနေသကဲ့သို့ပင် ဖြစ်ပါတော့သည်။

စေတီစုလေးနှင့် မြောက်ဘက်ရှိ ကုန်းတန်း‌လေးကြားတွင် သူတို့လာခဲ့သောနွားဝန်တင်များသွားသောလမ်း လေးတည်ရှိနေပါသည်။ ဤနွားဝန်တင်လမ်းနေရာသည် မကြာခင်မှာတော့ လက်ရှိ ဗြိတိသျှအစိုးရက ဖောက်လုပ်နေ သည့် လှည်းလမ်းကြောင်း ဖြတ်သန်းသွားရာနေရာ ဖြစ်လာပါလိမ့်မည်။

နွားဝန်တင်လမ်း၏ မြောက်ဘက်ရှိ တောင်ကုန်း ၏ အပေါ်ဘက်သို့ လှမ်းကြည့် လိုက်သောအခါ တောင်ထိပ်ရောက်ခါနီး တောင်ခုလပ်တစ်နေရာတွင် မက်မွန်ပင် တွေကြားမှာ စေတီလေးတစ်ဆူကို မထင်မရှားတွေ့ မြင်နေရပါသည်။
(သိမ်တောင်စောင်းတန်း အတက်မှ ရှေးဟောင်း စေတီလေး ဖြစ်ပါသည်။)

စေတီစု၏ မြောက်ဘက်မှာတော့ ရေကန်လေးတစ်ကန် (ယခု က‌လောစျေးနေရာ) ရှိနေပါသည်။ ရေကန် ၏ အရှေ့ဘက်မှာ စေတီအချို့ တည်ရှိနေတာကိုလည်းတွေ့ရပါသည်။ ရေကန်ထိပ်မှ တောင်ဘက်အရပ်ဆီသို့ လှမ်းကြည့် လိုက်ရာ ထင်းရှူးတောင်ကုန်း တွေကြားမှာ လှပစွာလှဲလျောင်းနေသော စိမ်းမြမြ မြက်ခင်းပြင်များလွမ်းခြုံ ထားသည့် မြေပြန့်လွင်ပြင်လေးကို ရင်သပ်ရှုမောဖွယ်ရာ တွေ့လိုက်ရပါတော့သည်။

ဤနေရာ ဤဒေသသို့ ပထမဆုံးရောက်ရှိလာသော သူတို့အတွက် ဤမြင်ကွင်းတို့သည် စွဲမက်ဖွယ်ရာ အလှ တရား မြင်ကွင်းများပင် ဖြစ်ပါသည်။
ပင်ပင်ပန်းပန်း ခရီးနှင်လာသော သူတို့အဖွဲ့သည် လှပလွန်းသော ကမ္ဘာမြေကြီး ပေါ်တွင် ခဏတာ အနားယူနေစဉ် အဖွဲ့ဝင်အချို့သည် ဤ‌ဒေသ၏ အလှတရားများကို ဆက်လက်စူးစမ်းလေ့လာဖို့ အတွက် ရေကန်ဘေးမှ ဖြတ်သန်းကာ တောင်ဘက်ရှိ ဘုရားစေတီစု ရှိရာသို့ ခြေလျင်ခရီးဖြင့် ဆင်းလာပါသည်။

တောင်ဘက် အစွန်ဆုံး စေတီစုလေး၏ အနောက်ဘက်အရပ်တွင်သစ်သား ဖြင့် ဆောက်လုပ်ထားသော ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တစ်ကျောင်းကိုလည်း သူတို့တွေ့မြင်လိုက်ရပါသည်။ ဘုန်းကြီး ကျောင်းအနီးတွင် အဝါရောင် သင်္ကန်းဆင်မြန်းထားသော ဘုန်းတော်ကြီးတစ်ပါးနှင့် ရွာသူရွာသား အချို့ကိုလည်း လှမ်းပြီး တွေ့နေ ရပါသည်။ ထိုကျောင်းသည် တောင်ကုန်းပေါ်မှ ရွာလေး၏ ကိုးကွယ်ရာကျောင်းလေး ဖြစ်ပေလိမ့်မည်။ ရွာလေးဆီ ကိုလှမ်းမျှော်ကြည့်မိပြန်တော့လည်း ဤဒေသ၏ အလှတရားကို ရွာတောင်ကုန်းထိပ်သို့ တက်လာပြီးကြည့်ရှုဖို့ ဖိတ်ခေါ်နေဟန်မို့ သူတို့အဖွဲ့ စေတီစု၏ အလွန်မှာတည်ရှိနေသော ကုန်းလေးပေါ်မှ ရွာဆီသို့ တက်သွားဖို့ ဆုံးဖြတ် လိုက်ကြပါသည်။

သူတို့အဖွဲ့သည် စေတီစု၏ အလယ်လောက်မှာ ရှိနေသော လူသွားလမ်းလေးအတိုင်း သိပ်မမြင့်လှသော တောင်ကုန်းပေါ်ရှိ ရွာလေးဆီသို့ တက်လာကြရာ ရွာအဝင် ကုန်းအစတွင် သစ်ပင်ကြီးများ အုပ်ဆိုင်းနေသော နတ်စင် တစ်စင်ကို မြင်တွေ့ရပါသည်။ နတ်စင်သည် အစောကတွေ့ခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် သိပ်မဝေးလှပါ။ နတ်စင် မှ အနောက်ဖက်သို့ အနည်းငယ် တက်လိုက်သည်နှင့် တိုင်းရင်းသားတို့နေထိုင်ရာ ရွာလေးဆီ သို့ ရောက်ပါတော့သည်။

ရွာထဲအဝင်မှာ ရွာသားအချို့ကို တွေ့မြင်ရပြီး
သူတို့၏ မျက်နှာသွင်ပြင်တွင် သူတို့ဆီရောက်လာသော မျက်နှာ စိမ်းဧည့်သည်များအပေါ် စူးစမ်းလိုစိတ်တွေ ရှိနေကြောင်း တွေ့နေရပါသည်။ အချို့သော ကလေးငယ်တွေ ကတော့ သူတို့အဖွဲ့ကို ကြည့်ပြီး ကြောက်ရွံ့ နေပုံပေါ်နေပါသည်။ ရွာသားတွေကတော့ ၎င်းတို့၏ အရှင်သခင်အသစ်ဟု သိထား သော ဤမျက်နှာစိမ်းများကို နှုတ်ဆက်ရန် မဝံ့မရဲ ဖြစ်နေသော်လည်း သူတို့အဖွဲ့က ရွာသားအချို့ကို လက်ပြနှုတ်ဆက် ပြီးနောက် တောင်ပေါ် ရွာလေး၏ အပေါ်ဆုံး အမြင့်ဆုံးနေရာအထိ
ဆက်တက်သွားကြပါသည်။

ကလောရွာ၏ အမြင့်ဆုံးတောင်ထိပ်မှ အရှေ့ဘက်ဆီသို့ လမ်းကြည့်လိုက်ပါလျှင် မြင်တွေ့ရသော မြင်ကွင်း တို့သည်ကား စာပန်းချီရေးလို့ မမီသော အလှတရားများပင် ဖြစ်ပါတော့သည်။ နွေဉီးရာသီဖြစ်သော်လည်း မြန်မာ ပြည်မ မှာတွေ့မြင်ရသလို သစ်ပင်သစ်တောတွေ အရွက်ကြွေကာ
အရိုးပြိုင်းပြိုင်း ဖြစ်နေတာ မတွေ့ရဘဲ ကြည့်မြင် လေသမျှ စိမ်းမြမြ ထင်းရှူးတော တောင်တန်းနောက်ခံ သဘာဝပန်းချီကားများကိုသာ တွေ့မြင်နေရသည် ဖြစ်ရာ စိတ်ချမ်းမြေ့ဖွယ်ကောင်းလွန်းလှပါသည်။

လွင်ပြင်၏ အရှေ့ဘက်မှာတည်ရှိနေသော တောင်ကုန်းလေးဘေးမှ ဖြတ်သန်းကာ ရစ်ပတ်ကွေ့ကောက် စီး ဆင်းနေသော ချောင်းလေး(ယခုကလောချောင်း) ၏ မြင်ကွင်းမှာလည်း အလှပေါ် အယဉ်ဆင့် အသွင်တင့်လွန်းလှပါ သည်။ ထိုတောင်ကုန်း၏ အဆုံးမြောက်ဘက်မှာတော့ အရှေ့ဘက်ကို ဦးတည်သွားနေသော နွားဝန်တင် လမ်းလေး သည် ကွေ့ကောက်လိမ်ဖယ်သော အသွင်ဖြင့် အရှေ့ဘက် တောင်ကြောတွေကြားထဲ တိုးဝင်ပျောက်ကွယ် သွားတာကို တွေ့မြင်ရပါသည်။

ကလောရွာရှိသော တောင်ကုန်းနှင့် ရေချောင်းလေးကြားမှာရှိသည့် သူတို့ဖြတ်သန်းလာခဲ့ရာ စေတီစု နှင့် တစ်ဆက်တည်း တည်ရှိနေသော မြေပြန့်လွင်ပြင်လေးသည် မြက်ခင်းစိမ်းစိမ်းများကြောင့် အစိမ်းရောင် ကတ္တီပါ ကော်ဇောချပ်ကြီး ဖြန့်ခင်းထားသလို လှလှပပတည်ရှိနေ သည်ကိုလည်း ကြည်နူးဖွယ်ရာ တွေ့ မြင်နေရပါသည်။

ဤရွာပေါ်မှ အရှေ့တောင်ဘက်သို့ လှမ်းကြည့်လိုက်သော အခါတွေ့မြင်နေရသော တောင်ကုန်းတောင်တန်း များသည် နောက်ခံတောင်တန်းပြာများနှင့် ယှဉ်တွဲမြင်တွေ့ရသည်မှာ တစ်သက်တာ မမေ့နိုင်သော မြင်ကွင်းပင် ဖြစ် ပါသည်။

ဤသို့တွေ့မြင်လိုက်ရသော အလှတရားတို့ကပင် သူတို့အဖွဲ့အတွက် အတွေးများကို ဖန်တီးပေးခဲ့ပါသည်။ ဤရွာတည်ရှိရာ တောင်ကုန်းနှင့် အမြင့်ချင်း သိပ်မကွာလှသော တောင်ကုန်းလေးများသည် အစီအရီလိုက် တည်ရှိနေ ကြပါသည်။

ဤသို့တည်ရှိနေသော တောင်ကုန်း တောင်တန်းများကြောင့်ပင် အိန္ဒိယနိုင်ငံမှ လှပသော တောင်စခန်းမြို့ ဖြစ်သည့် မူဆိုရီမြို့လေးကို မျက်စိထဲမှာ မြင်ယောင်လာမိပါသည်။

သူသည်မြင်တွေ့နေရသော တောင်ကုန်း တောင်တန်းလေးတွေပေါ်မှာ စိတ်ကူးဖြင့် လမ်းတွေဖောက်ကြည့် သည်။ အိမ်လေးတွေ ဆောက် ကြည့်သည်။ ချက်ချင်းပင် သူ့အတွေးထဲမှာ လှပသော တောင်စခန်းမြို့လေးတစ်မြို့ ပေါ်ပေါက်လာပါတော့သည်။ ဤဒေသလေးသည် မြန်မာပြည်တွင် လက်ရှိ တည်ရှိနေသော တောင်စခန်းမြို့ဖြစ်သည့် မေမြို့ပြီးလျှင် အနာဂတ်တွင် ဗမာပြည်၏ မူဆိုရီမြို့လေး (Mussoorie) ဖြစ်လာမည်မှာ သေချာလှပါတော့သည်။

မြန်မာပြည်ကို သိမ်းပိုက်တာ မကြာလှသေးသော ဗြိတိသျှအစိုးရ အနေဖြင့် အိန္ဒိယနိုင်ငံမှာ တောင်စခန်းမြို့ တွေ တည်ထောင်ထားရှိသလို
ဗမာပြည်အတွက်လည်း ဗြိတိသျှ လူမျိုးများနှင့် အစိုးရအရာရှိများ နွေရာသီတွင်လာ ရောက် အပန်းဖြေနိုင်ရန်တောင်စခန်းမြို့တည်ထောင်ဖို့ စဉ်းစားလျက်ရှိပါသည်။ ထို့ကြောင့် သူသည် သူ့အဖွဲ့သား များ၏ သဘောထားကို မေးမြန်းကြည့်သောအခါ အများစုက သူတို့ရောက်ရှိနေသည့် ကလောရွာ တည်ရှိရာ ဤနေရာ လေးသည်ပင် တောင်စခန်းမြို့ အဖြစ်တည်‌ထောင်ရန် အသင့်တော်ဆုံးဖြစ်ကြောင်း မှတ်ချက်ပြုကြပါသည်။

သူ့၏ စိတ်ကူးသည်ကား ကလောရွာမှ ကလောမြို့ဖြစ်လာစေမည့် လမ်းစစိတ်ကူးပင် ဖြစ်ပါတော့သည်။

ခင်မောင်တင့်(ကလော)
၂၀၂၂ ခု၊ မေလ(၆) ရက်

Address

ပြည်ထောင်စုလမ်းမကြီး
Kalaw
KALAW

Telephone

+959251158485

Website

Alerts

Be the first to know and let us send you an email when Kalaw ThudanuSai travelling Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kalaw ThudanuSai travelling Tour:

Share

Category